ပို့စ်မောက်အသင်း နည်းပြ အဲဗရန်ဂရန့် တစ်ယောက် ဆောင်ကြာမြိုင်တစ်ခုကို သွားခဲ့တယ်ဆိုပြီး တနေ့က ဟိုးလေး တစ်ကျော်ကျော် သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ဂရန့်ဟာ ဟမ်ရှိုင်းယား အရပ်မှာရှိတဲ့ ပို့စ်မောက်အသင်းရဲ့ လေ့ကျင့်ရေးကွင်း မနီးမဝေးတစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ "ဖူဖူ" လို့ အမည်ရတဲ့ အနှိပ်ခန်းမှာ နာရီ အတော်ကြာ အချိန် ဖြုန်းခဲ့တာနဲ့ ပတ်သက်ပြီး ရဲအဖွဲ့ရဲ့ စုံစမ်း မေးမြန်းခြင်းကို ခံနေရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကလေးနှစ်ယောက် ဖခင်ဖြစ်တဲ့ ဂရန့်ဟာ ကလပ်အသင်းထရက်စုကြီးနဲ့ ဆောင်ကြာမြိုင် တစ်ခုထဲက ထွက်အလာ The Sun သတင်းထောက် တွေက အမိအရ ဓာတ်ပုံ ရိုက်ခဲ့ပေမယ့် ဂရန့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်ကို ချိုးဖောက်မိမှာ စိုးတဲ့အတွက် မီဒီယာစာမျက်နှာတွေ ပေါ်ရောက်မလာ ခဲ့ပါဘူး။ ဒါပေမယ့် အင်တာနက် ပေါ်မှာတော့ ဂရန့် ဆိုတဲ့ နာမည်ဟာ ပလူပျံနေခဲ့ပါတယ်။ သူ့ရဲ့ ကလပ်အသင်းနဲ့ ဇနီးသည်တို့ကလည်း ဂရန့်တစ်ယောက် မမှောက်မှားခဲ့ပါဘူးလို့ ဆိုခဲ့ပါတယ်။ အသက် ၅၄ နှစ်အရွယ် အစ္စရေးသားကြီး ဂရန့်ရဲ့ စိတ်ဟာ ခန့်မှန်းရခက်ပါသတဲ့။ ထိုင်းအနှိပ်ခန်းတစ်ခုကို သွားခဲ့တယ်ဆိုတာ သူ့အတွက် ပြောစမှတ်ပြုလောက်တဲ့ အရာ မဟုတ်ပါဘူးလို့ သူက ခပ်ရှင်းရှင်းပဲ ပြောထားပါတယ်။ ဂရန့်ဟာ သူ့သတင်းနဲ့ ပတ်သက်ပြီး ဇနီးသည်ဖြစ်သူကို တနေ့က တယ်လီဖုန်းထဲကနေ ဖောက်သည်ချတော့ သူမက ဟားတိုက်ပြီး ရယ်နေပါသတဲ့။ သူ့ခန္ဓာကိုယ်နဲ့ သူလုပ်တာ ဘယ်သူ့အရေးမှ မပါဘူးလို့ ဆိုပါတယ်။ ထိုင်းအနှိပ်ခန်းကို အချိန်အခါ မရွေး သွားနိုင်ပါတယ်။ ဂရန့်ဟာ ထိုင်းအနှိပ်သမလေးတွေရဲ့ ပြုစုယုယတာလေးတွေအပြင်၊ ဂျပန်အနှိပ်သမလေးတွေ၊ သြစတြေးလျ အနှိပ်သမလေးတွေရဲ့ အပြုအစုတွေကိုလည်း နှစ်သက်ပါသတဲ့လို့ ဇနီးသည်က ဖွင့်ဟလိုက်ပါတယ်။ တကယ့်လို့ သူမရဲ့ ခင်ပွန်းသည်ဟာ ဆောင်ကြာမြိုင်တစ်ခုကို သွားခဲ့တယ်လို့ သံသယရှိရင်တောင်မှ အဲဒီကိစ္စဟာ သူ့တို့လင်မယားနှစ်ယောက်ရဲ့ ကိစ္စပဲလို့ ဆိုပါတယ်။ အစ္စရေးသားကြီး ဂရန့်ရဲ့ ဇနီးသည်ကလည်း ခေသူမဟုတ်ပါဘူး။ တကယ့်ကို ချက်ချာတဲ့ အမျိုးသမီးတစ်ဦးပါ။ အရင်တုန်းက TV အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်ခဲ့ပြီး အစ္စရေးမှာ လုပ်ခဲ့ဖူးတဲ့ ရှိုးပွဲတစ်ခုမှာ သူမရဲ့ ကျင်ငယ်ရည်ကို ပရိသတ်တွေ အရှေ့မှာ သောက်ပြဖူးပါတယ်။ သူမရဲ့ အပြုအမူကို ကြည့်ပြီး ပရိသတ်တွေ တုန်လှုပ်သွားခဲ့ပါတယ်။ ပြီးတော့ သူမက ပြောခဲ့တယ်။ သူမသောက်လိုက်တဲ့ ကျင်ငယ်ရည်ဟာ ပင်လယ်သေ (Dead Sea) ထဲက ရေရဲ့ အရသာ အတိုင်းပါပဲတဲ့။ အဲဒီ ပင်လယ်သေဆိုတာ အစ္စရေးလူမျိုးတွေ၊ ကမ္ဘာလှည့် ခရီးတွေ သွားရောက် ရေချိုးလေ့ရှိတဲ့ နေရာတစ်နေရာပါ။ ဂရန့်တို့ လင်မယားနှစ်ယောက်စလုံးဟာ အစ္စရေးနိုင်ငံ မြို့တော်တဲလ်အဗစ်မြို့တော်မှာ ကြီးပြင်းခဲ့ကြတဲ့ သူတွေပါ။ ဂရန့် သူမကို လက်ထပ်တော့ ဇနီးသည် ဖြစ်သူ အကြောင်းတွေကို သိနှင့် ထားပါတယ်။ သူမ ဘာပဲလုပ်လုပ် ဂရန့်မအံသြခဲ့ပါဘူး။ အဲဒီလိုပါပဲ ဂရန့် ဘာပဲလုပ်လုပ် သူမကလည်း မျက်စိမှိတ်ယုံခဲ့ပါတယ်။ ဒါဟာ သူတို့နှစ်ဦးရဲ့ ဘ၀နေထိုင်မှု ပုံစံပါ။ ဒါပေမယ့် သူတို့ကတော့ တစ်ယောက်ကို တစ်ယောက် ဂုဏ်ယူကြပါတယ်။ ပြီးတော့တစ်ဦးကို တစ်ဦး အမြဲတမ်း အကာအကွယ်ပေးကြပါတယ်။ သူမရဲ့ ရှိုးပွဲတွေနဲ့ ပတ်သက်ပြီး လူတွေက ဝေဖန်လာပြီဆိုရင် ဂရန့်က မကြိုက်ပါဘူး။ ချဲလ်ဆီးအသင်းက ဂရန့်ကို ထုတ်ပယ်လိုက်တုန်းကလည်း ဇနီးသည် ဇိုဖစ် တစ်ယောက် ဒေါသူပုန်ထခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရှက်သိက္ခာကျစေမယ့် လုပ်ရပ်မျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီစကားဟာ နောက်ကျသွားပြီးလို့ ပရိသတ်အချို့က ဆိုကြပါတယ်။ ယနေ့ည အိုးလ်ထရက်ဖို့ဒ်မှာ ကစားမယ့် မန်ယူနဲ့ ပွဲမှာ ဂရန့်ဆီကို ရောက်လာမယ့် စကားလုံးတွေကတော့ "ဆောင်ကြာမြိုင်မှာ ခင်ဗျားဂိုး မသွင်းနိုင်ခဲ့ဘူးလား" ဆိုတဲ့ ပရိသတ်တွေရဲ့ လေသေနတ်သံတွေပါ။ အဲဗရန်ဂရန့်ဟာ လူတစ်မျိုးပါ မိတ်ဆွေအပေါင်းအသင်း နည်းပေမယ့် အတွေးကြွယ်တဲ့သူပါလို့ ဆိုထားကြောင်းပါ။ |