ပြင်သစ်မော်ဒယ် မိန်းကလေးဖြစ်သူ ဗန်နီဆာက မိမိနှင့် ချဲလ်ဆီး အသင်းမှ ကပ္ပတိန် ဂျွန်တယ်ရီတို့၏ တိတ်တဆိတ် မေတ္တာဇာတ်လမ်းကို ဖွင့်ပြောမည် မဟုတ်ဟု ပြောဆိုလိုက်သည်။ မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် အဆိုပါ ဇာတ်လမ်းကြောင့် ဗန်နီဆာမှာ ပတ်ဝန်းကျင်တွင် ဝေဖန်ခံနေရသည့်အပြင် ချဲလ်ဆီး ခံစစ်မှူးကြီး တယ်ရီမှာလည်း အင်္ဂလန် ကပ္ပတိန် ရာထူးမှ ထုတ်ပယ်ခံလိုက်ရပြီဖြစ်သည်။ ဗန်နီဆာမှာ မန်စီးတီးမှ နောက်ခံလူ ၀ိန်းဘရစ်ခ်ျ၏ အတူနေ ချစ်သူဟောင်း ဖြစ်ပြီး ယခု ကိစ္စကြောင့် တယ်ရီမှာ ချစ်ဇနီး တိုနီ၏ ပစ်ပယ်ခြင်းကိုလည်း ခံနေရပြီ ဖြစ်သည်။ သတင်းဆောင်းပါးရေးသူ တစ်ဦးဖြစ်သည့် မက်ခ်ကလစ်ဖို့ဒ်က ပြင်သစ် မော်ဒယ်မလေး ဗန်နီဆာကို တယ်ရီနှင့် ဇာတ်လမ်းကို ပြောပြပါက ပေါင် ၂ သိန်းခွဲ ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ပြီးခဲ့သည့် ရက်အနည်းငယ်က ထုတ်ပြန်ခဲ့သည့် မီဒီယာများအရ သိရသည်။ အင်တာဗျူး တစ်ခုတွင် ဗန်နီဆာက " မက်ခ်ကလစ်ဖို့ဒ် ရဲ့ အကြံပေးချက်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း မကူညီနိုင်ပါဘူး။ တယ်ရီ နဲ့ ကျွန်မတို့ရဲ့ ရင်းနှီးမှုဟာ ဘာမှ မဟုတ်ပေမယ့် ဒီကိစ္စအတွက် မီဒီယာတွေက သိပ်ကို ချဲ့ကားလွန်းနေကြပါတယ်။ တယ်ရီလည်း ဒီကိစ္စကြောင့် သူမြတ်နိုးပါတယ်ဆိုတဲ့ အင်္ဂလန် ကပ္ပတိန် ရာထူးကနေ ထုတ်ပယ် ခံလိုက်ရပြီ ဖြစ်တဲ့အတွက် ကျွန်မ စိတ်မကောင်း ဖြစ်ရပါတယ် " ဟု ပြောဆိုခဲ့သည်။ |