
10 October 2011

အင်္ဂလန်နည်းပြ ကာပယ်လိုသည် ၎င်းတို့ တိုက်စစ်မှူး ရွန်းနေအနေဖြင့် လာမည့် ယူရို ၂၀၁၂ ပြိုင်ပွဲတစ်ခုလုံးကို အရန်ခုံ၌သာ အချိန်ကုန်ဆုံးဖွယ် ရှိနေကြောင်း ပြောကြားလိုက်သည်။
မွန်တီနီဂရိုးနှင့် အဝေးကွင်းပွဲစဉ်တွင် တိုက်ရိုက် အနီကဒ်ပြထုတ်ပယ်ခံခဲ့ရသည့် ရွန်းနေသည် လာမည့် အုပ်စုပွဲစဉ် တစ်ပွဲမှ နှစ်ပွဲအထိ လွဲချော်နိုင်ခြင်းကြောင့် နည်းပြကာပယ်လိုသည် အုပ်စုပွဲစဉ်များအတွက် အင်္ဂလန်အသင်းလူစာရင်းကို စတင်စဉ်းစားနေပြီဖြစ်သည်။
ကာပယ်လိုသည် လာမည့် နိုဝင်ဘာလတွင် ကစာမည့် စပိန်အသင်းနှင့် ခြေစမ်းပွဲစဉ်တွင် တိုက်စစ်မှူး ရွန်းနေကို အသုံးပြုမည်မဟုတ်ပေ။ သို့သော်လည်း ရွန်းနေကို လာမည့် ယူရို ၂၀၁၂ ပြိုင်ပွဲအတွက် နေရာပေးရန် ကာပယ်လိုက စိတ်ကူးနေဆဲဖြစ်သည်။ သို့သော် ၎င်းက “ကျွန်တော့် အနေနဲ့ ရွန်းနေကို လာမယ့် အဖွင့်ပွဲစဉ်တွေမှာ ထည့်သုံးဖို့ သင့်မသင့်ကို စဉ်းစားဖို့လိုပါတယ်။ သူဟာ ပုံမှန်ပွဲထွက် ကစားသမား ၁၁ ဦးထဲမှာ ပြန်လည်ပါဝင်လာဖို့ ဆိုတာကိုလည်း စဉ်းစားရပါမယ်။ နည်းပြ ဘ၀တစ်လျှောက်မှာ ကျွန်တော်ဟာ ကစားသမားကောင်းတွေ အများစုကို အရန်ခုံမှာဘဲ ချန်လှပ်ခဲ့တာပါ”ဟု ပြောဆိုခဲ့သည်။
ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA သည် မွန်တီနီဂရိုးအသင်းနှင့် ပွဲမှ အနီကဒ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ရွန်းနေ အတွက် ပွဲပယ်ပြစ်ဒဏ်ကို ယခုတစ်ပတ်တွင် ချမှတ်မည်ဖြစ်သည်။ သို့သော် ကာပယ်လိုက “ကျွန်တော့် အနေနဲ့ ရွန်းနေကို ယူရိုမှာ ပါဝင်စေချင်ပါတယ်။ အဲဒါကြောင့် တစ်ပွဲပယ် ပြစ်ဒဏ်ဖြစ်လာဖို့ မျှော်လင့် ထားပြီးသားပါ။ ကျွန်တော်ထင်သလို ဖြစ်လာမယ့်လို့ ယုံကြည်ပါတယ်”ဟု ပြောဆိုခဲ့သည်။