23 February 2012

မန်စီးတီး နည်းပြ မန်ချီနီသည် ယူရိုပါလိဂ်တွင် ခက်ခဲသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၎င်းတို့ အသင်းအတွက် ဟောကိန်းထုတ်လိုက်သည်။ မန်စီးတီး အသင်းသည် ယမန်နေ့ ပေါ်တို အသင်းနှင့် အိမ်ကွင်း ပွဲစဉ်တွင် ၄းဝ ဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်း ရလဒ် ၆း၁ ဖြင့် အနိုင်ရကာ ယူရိုပါလိဂ် နောက်တစ်ဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။ ယင်းပွဲစဉ်အပြီးတွင် မန်ချီနီက မိမိတို့ အသင်းအတွက် အကောင်းဆုံး ဖြစ်ခဲ့သော်လည်း မလွယ်ကူခဲ့ကြောင်း ဂိုးသွင်းခွင့်များ အများအပြား ရရှိခဲ့သော်လည်း မိမိတို့ ဂိုးမသွင်းနိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ပေါ်တိုကို အနိုင်ယူရသည်မှာ မလွယ်ကူကြောင်း ပြောကြား သွားခဲ့သည်။ မန်စီးတီး အသင်းသည် နောက်တစ်ဆင့်တွင် စပိုတင်း လစ္စဘွန်းအသင်း သို့မဟုတ် လက်ဂီယာဝါဆော အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ မန်ချီနီက မိမိတို့ အနေဖြင့် ဖြစ်နိုင်လျှင် နောက်ဆုံး ဖိုင်နယ်အထိ တက်လှမ်းလိုကြောင်း၊ သို့သော်လည်း ချန်ပီယံလိဂ်မှာလိုဘဲ ယူရိုပါလိဂ်မှာလည်း မန်ယူ၊ ဗလင်စီယာနဲ့ ရှော့ကေးတို့ ရှိနေလို့ မိမိတို့အတွက်တော့ ခက်ခဲနေဦးမည် ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ အနေဖြင့် ကြိုးစားကြည့်ချင်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း အင်္ဂလန်ကလပ်အသင်းက ဆီမီးဖိုင်နယ် သို့မဟုတ် ဖိုင်နယ်အထိ တက်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း၊ အခြားသော အသင်းများကိုလည်း လျှော့တွက်၍မရကြောင်း၊ သို့သော်လည်း အင်္ဂလန် ဘောလုံးလောကမှာ အကောင်းဆုံးအဖြစ် ရပ်တည်နေဆဲ ဖြစ်ကြောင်း၊ ယင်းအတွက် မိမိတို့ အနေဖြင့် ဖိုင်နယ် အဆင့်အထိ တက်ရောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။