
06 October 2011

မန်စီးတီးအသင်းမှ တိုက်စစ်မှူး တီဗက်ဇ်သည် ဘိုင်ယန်အသင်းကို ၂းဝ ဖြင့် အရေးနိမ့်ခဲ့သည့် အဝေးကွင်း ချန်ပီယံလိဂ် ပွဲစဉ်တွင် အသင်းအတွက် လူစားလဲ ကစားရန် ငြင်းဆိုခဲ့၍ အသင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နားလည်မှုလွဲခဲ့ကြောင်း ပြောဆိုခဲ့သည့် အသက် ၂၇ နှစ်အရွယ်ရှိ တီဗက်ဇ်သည် မန်စီးတီးအသင်းမှ ၂ ပတ်ခန့် ယာယီ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး အဆိုပါ ကိစ္စကို မန်စီးတီး အသင်းကလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ သို့ဖြစ်၍ မန်စီးတီးတိုက်စစ်မှူး တီဗက်ဇ်သည် လာမည့် ၂ ပတ်အတွင်းတွင် အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းခြင်းအပြင် ပွဲစဉ်များ၌ ပါဝင်ကစားခြင်းတို့ကို ပြုလုပ်ခွင့် ရမည်မဟုတ်ပေ။ တီဗက်ဇ်သည် ၎င်းအနေဖြင့် ဘိုင်ယန် အသင်းနှင့်ပွဲစဉ်တွင် မန်စီးတီး အသင်းအတွက် ပါဝင်ကစားရန် ငြင်းဆိုခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် အသင်းအတွက် ကစားရန် အသင့်ဖြစ်နေသော်လည်း နည်းပြ မန်ချီနီက ၎င်းကို ပွဲမကစားခိုင်းဘဲ သွေးပူလေ့ကျင့်ခန်းသာ ထပ်မံ၍ လုပ်ဆောင်ခိုင်းခဲ့ကြောင်း တီဗက်ဇ်က ဆိုသည်။
ဘိုင်ယန် အသင်းနှင့် ပွဲစဉ်တွင် တီဗက်ဇ်ကဲ့သို့ အရံခုံ၌ အချိန်ကုန်ခဲ့သည့် မန်စီးတီး နောက်ခံလူ ဇာဘလက်တာက “ကျွန်တော်တို့ အနေနဲ့ တီဗက်ဇ်ကို အကူညီပေးဖို့ လိုအပ်နေပါပြီ။ ဒါဟာ သူ့အတွက်တော့ ခက်ခဲမယ့် ကိစ္စ တစ်ခုပါဘဲ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို နားလည်နိုင်ဖို့ လိုပါတယ်။ ကစားသမား တိုင်းမှာ မတူညီတဲ့ အကျင့်စရိုက်တွေရှိကြတဲ့ အတွက် တစ်ခါတစ်လေမှာ ဆိုရင် ဆုံးဖြတ်ချက် တစ်ခုဟာ အားလုံးအတွက် ခက်ခဲသွားစေနိုင်တာ မျိုးတွေလည်း ရှိတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်တို့မှာ ကစားသမားတွေ အရမ်းကို များလွန်းနေခဲ့လို့ပါဘဲ။ ကျွန်တော်တို့ အနေနဲ့ တစ်ခါတစ်လေမှာ ပွဲထွက်ခွင့် မရဖြစ်တာတွေကို လက်ခံနိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ကိုဘဲ မျှော်လင့်နေကြလို့ပါ”ဟု ပြောဆိုခဲ့သည်။
တီဗက်ဇ်သည် လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် မန်စီးတီး အသင်းသို့ ရောက်လာခဲ့ပြီး အသင်းအတွက် ၉၁ ပွဲကစား ၅၃ ဂိုးသွင်းယူခဲ့သူဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးသည် ယမန်နှစ်ရာသီ စတုတ်စီးတီး အသင်းကို ၁းဝ ဖြင့် အနိုင်ရခဲ့သည့် FA ဖလားဖိုင်နယ် ပွဲစဉ်တွင် မန်စီးတီး အသင်းအတွက် အသင်းခေါင်းဆောင် အဖြစ်ပါဝင်ခဲ့ပြီး အသင်းနှင့်အတူ နှစ်ပေါင်း ၃၅ နှစ်အတွင်း ပထမဆုံး ဆုဖလားအဖြစ် FA ဖလားကို ရယူနိုင်ခဲ့သူဖြစ်သည်။
တီဗက်ဇ်သည် ယခုရာသီတွင် အသင်းပြောင်းရွှေ့မည်ဟု သတင်းကြီးနေပြီး မန်စီးတီး အသင်းအတွက် ၅ ပွဲပါဝင်ကစားခွင့် ရခဲ့ကာ ၂ ပွဲသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သူ ဖြစ် သော်လည်း အသင်းအတွက် ယခုအချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပေ။