24 February 2012

မန်စီးတီး တိုက်စစ်မှူး တီဗက်ဇ်သည် ပထမဆုံး အနေဖြင့် ယမန်နေ့တွင် အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်စစ်မှူးသည် လွန်ခဲ့သည့် စက်တင်ဘာတွင် ကစားခဲ့သည့် ဘိုင်ယန် အသင်းနှင့် ပွဲစဉ်မှ စခဲ့သည့် ပြဿနာများ အတွက် နည်းပြ မန်ချီနီအား ပြန်လည် တောင်းပန်ခဲ့ပြီး ယင်းကို မန်ချီနီကလည်း အသိအမှတ်ပြု လက်ခံခဲ့သည်။ တီဗက်ဇ်သည် လွန်ခဲ့သည့် အောက်တိုဘာလတွင် မန်စီးတီး အသင်းမှ အခွင့်မရှိဘဲ နေရပ်သို့ ၃ လခွဲ ကြာ ပြန်သွားပြီးနောက် အသင်းသို့ ပြန်ရောက်လာစဉ်က ၎င်းမှာ အသင်းနှင့်အတူ ပူးတွဲလေ့ကျင့်ခွင့်မရဘဲ တစ်ဦးတည်း လေ့ကျင့်ရေး ဆင်းခဲ့ရသူ ဖြစ်သည်။ မန်စီးတီး အသင်းနှင့် တစ်ခါက အဆင်မပြေ ဖြစ်မှုများကြောင့် တီဗက်ဇ်မှာ အသင်းမှ ထွက်ခွာရန် စဉ်းစားခဲ့ဖူးသည် မန်စီးတီး နောက်ခံလူ လက်စကော့ကလည်း တီဗက်ဇ်နှင့် ပတ်သက်၍ မည်သည့် ဝေဖန်ချက် တစ်စုံတစ်ရာမျှ မပေးခဲ့သလို တီဗက်ဇ် ပြန်လာခြင်းမှာ အသင်းအတွက် အထောက်အကူ ဖြစ်ပြီး သူယမန်နှစ် အသင်းနှင့် FA ဖလား ရခဲ့တုန်းကလို ခြေစွမ်းများ ပြန်လည် ရရှိရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တီဗက်ဇ်ကို လေ့ကျင့်ရေးကွင်းတွင် ပြန်လည်တွေ့ဆုံခဲ့ရခြင်းနှင့် ပတ်သက်၍ မန်စီးတီး အသင်းမှ ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားကလည်း ၎င်းအနေဖြင့် တီဗက်ဇ်ကို အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲတွင် အသင်းမှာ အဓိက နေရာမှ ပါဝင်စေလိုကြောင်း ပြောကြားခဲ့သည်။