ဖိအားများနှင့် ရင်ဆိုင်နေရသည့် ဘိုအာ့စ်

Print PDF

Share this post

 

 

  ချဲလ်ဆီး အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျသည် လွန်ခဲ့သည့် နာပိုလီ အသင်းနှင့် ပွဲစဉ်တွင် အသင်းမှ ကစားသမား ၃ ဦးဖြစ်သည့် အက်ရှ်လေကိုးလ်၊ လမ်းပတ် နှင့် အက်ဆီယန်တို့ကို ပွဲထွက် လူစာရင်းမှ ချန်လှပ်ခဲ့ခြင်း အတွက် နည်းပြ ဘိုအာ့စ်ထံမှ ထုချေလွှာ တောင်းခံလိုက်သည်။

  နာပိုလီ အသင်းနှင့် အဝေးကွင်း ချန်ပီယံလိဂ် ပွဲစဉ်တွင် ချဲလ်ဆီးအသင်းမှာ ၃း၁ ဖြင့် အရေးနိမ့်ခဲ့သည်။ ချဲလ်ဆီးအသင်းမှ နည်းစနစ် ဒါရိုက်တာ ဖြစ်သူ အီမီနယ်လိုကလည်း ယင်းပွဲစဉ်မှ ဘိုအာ့စ်၏ ပွဲထွက်လူစာရင်း ထုတ်ပြန်မှုကို မေးခွန်းထုတ်ခဲ့သည်။ နည်းပြ ဘိုအာ့စ်က မိမိနှင့် နည်းစနစ် ဒါရိုက်တာတို့ အကြားတွင် မည်သည့် ပြဿနာ တစ်စုံတစ်ရာမျှ မရှိကြောင်း၊ သူက မိမိအသင်း လူစာရင်း ထုတ်ပုံနှင့် ပတ်သက်၍ မိမိ၏ စိတ်ကူးအတွေးကို သိလိုခြင်းသာ ဖြစ်ကြောင်း၊ အသင်းပိုင်ရှင် ကလည်း အသင်းရလဒ် အတွက် စိတ်ပျက်ပြီး မေးခွန်းထုတ်ခဲ့၍ မိမိကလည်း အဆင်ပြေအောင် ဖြေကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပွဲစဉ် အပြီးတွင် ကစားသမား ၂ ဦးဖြစ်သည့် လမ်းပတ်နှင့် အက်ရှ်လေကိုးလ်တို့သည် နည်းပြ ဘိုအာ့စ်နှင့် သဘောထား ကွဲလွဲမှုများ ရှိခဲသော်လည်း ဘိုအာ့စ်က မိမိမှာ အဆိုပါ အင်္ဂလန် ကစားသမားများနှင့် ပြဿနာ မရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။ ထို့အပြင် ဘိုအာ့စ်က မိမိအနေဖြင့် အသင်းကို မိမိ၏ စိတ်ကြိုက်ပုံစံအတိုင်း ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်ပြီး ယင်းအတွက် မည်သူကမျှ မိမိကို အပြစ်တင်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်။