25 February 2012

မန်စီးတီး အသင်း နည်းပြ မန်ချီနီက ၎င်းတို့ အနေဖြင့် ကစားရမည့် ပွဲစဉ်တိုင်းကို ချန်ပီယံလိဂ် ဖိုင်နယ်လို အာရုံစိုက်သင့်ကြောင်း ပြောဆိုလိုက်သည်။ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲသာ ကျန်ရှိသည့် အချိန်တွင် မန်စီးတီး အသင်းမှာ ၂ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ ယနေ့တွင် မန်စီးတီး အသင်းသည် ဘလက်ဘန်း အသင်းနှင့် အိမ်ကွင်း ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။ မန်ချီနီက လက်ရှိ အနေအထားမှာ အပြောင်းအလဲ များနိုင်သေး၍ မိမိတို့ အနေဖြင့် လက်ကျန် ပွဲစဉ်များကို ချန်ပီယံလိဂ် ဖိုင်နယ်လို အာရုံစိုက်ပြီး ကစားသင့်ကြောင်း၊ ယနေ့တွင် ရင်ဆိုင်ရမည့် ဘလက်ဘန်း အသင်းမှာ အဝေးကွင်း တွင် မန်ယူကိုတောင် အနိုင်ရခဲ့ဖူးပြီး လွန်ခဲ့သည့် ပွဲစဉ်များတွင်လည်း ကစားပုံ ကောင်းခဲ့ကြောင်း၊ အထူးသဖြင့် တန်းဆင်းဇုန် အနီးတစ်ဝိုက်မှ အသင်း တစ်သင်းနှင့် ရင်ဆိုင်ရခြင်းသည် မိမိတို့အတွက် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။ လက်ရှိ မန်စီးတီး အသင်းတွင် အာဖရိက နိုင်ငံများဖလား ပြိုင်ပွဲမှ ပြန်လာသည့် ယာယာတိုရေး၊ ကိုလိုတိုရေးတို့ ရှိနေပြီ ဖြစ်၍ လူပြန်စုံလာပြီ ဖြစ်သည်။ ယာယာတိုရေး မပါဝင်နိုင်ခင်က မန်စီးတီး အသင်းမှာ ပြိုင်ပွဲအရပ်ရပ်တွင် အနည်းငယ် ခြေချော်ခဲ့ပြီး ပရီးမီးယားလိဂ်တွင်လည်း အဓိက ပြိုင်ဘက် မန်ယူအသင်းနှင့် အမှတ်ကွာဟချက်ကို ထပ်မံ မထားရှိနိုင်ခဲ့ဘဲ ကျဉ်းမြောင်း စေခဲ့ရသည်။