22 October 2011

မန်စီးတီး အသင်း၏ တိုက်စစ်မှူး တီဗက်ဇ်သည် မန်စီးတီးအသင်းနှင့် ချုပ်ဆိုထားသော စာချုပ်အရ အချက် ၅ ချက်ကို ချိုးဖောက်ခဲ့ကြောင်း မန်စီးတီး အသင်းမှ ထုတ်ပြန် ကြေညာခဲ့သည်။
တီဗက်ဇ် အနေဖြင့် ပြီးခဲ့သော ဘိုင်ယန်မြူးနစ် အသင်းနှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင် လူစားဝင်ကစားရန် ငြင်းဆန်ခဲ့သည်ဆိုသော ပြဿနာအား မနေ့က မန်စီးတီးအသင်း၏ တာဝန်ရှိသူများနှင့် ကြေးစားဘောလုံးအဖွဲ့ချုပ် အကြီးအကဲ တေလာတို့ ဆွေးနွေးခဲ့ကြပြီး ယခုလို ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် တီဗက်ဇ် သွေးပူလေ့ကျင့်ခန်းလုပ်ရန် ငြင်းဆန်ခဲ့မှုအပြင် အခြားသော အသင်းကျင့်ဝတ် ချိုးဖောက်မှုများကို စုပေါင်းကာ အချက် ၅ ချက်ဖြင့် စွပ်စွဲခဲ့တာဖြစ်သဖြင့် တီဗက်အနေဖြင့် အံ့အားသင့်ခဲ့ရကြောင်း သိရသည်။
မန်စီးတီး အသင်းတွင် တစ်ပတ်လုပ်ခပေါင် ၂ သိန်းခွဲရရှိနေပြီး အဆိုပါ စွပ်စွဲချက်အတွက် ၅ ရက်အတွင်း ချေပရမည်ဖြစ်ပြီးတော့ မန်စီးတီး အသင်းကသာ အနိုင်ရရှိခဲ့ပါက ဒဏ်ငွေ ပေါင် ၁ သန်းအပြင် အခြားသော ပြစ်ဒဏ်များကို ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။