ပရီးမီးယားလိဂ် ဒိုင်လူကြီးများကို စွပ်စွဲလိုက်သည့် အေဂူရို

Print PDF

Share this post

 

  

   မန်စီးတီး တိုက်စစ်မှူး အေဂူရိုသည် ကစားခဲ့သည့် ပွဲစဉ်တစ်လျှောက်လုံးတွင် ဟန်ဆောင် လှဲချသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာသည့် အခါ၌ ပရီးမီးယားလိဂ် ဒိုင်လူကြီးများမှာ နိုင်ငံခြား သား ကစားသမားများ အပေါ်တွင် ကာကွယ်ပေးခြင်း မရှိကြောင်း ပြောကြားလိုက်သည်။
   အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူးက မိမိတို့မှာ ပွဲကို အာရုံစိုက်ကစားရုံသာ ရှိပြီး ဒိုင်လူကြီး တစ်ဦး၏ တာဝန်ကတော့ ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ် ဆိုတာကို ကြည့်ရုံသာ ဖြစ်ကြောင်း၊  သို့ရာတွင် အင်္ဂလိပ် ကစားသမားများ အပေါ်တွင် အနည်းငယ် မျက်နှာလိုက်သလို ဖြစ်နေကြောင်း၊ ပရီးမီးယားလိဂ်မှာ အင်္ဂလိပ် ကစားသမားများလည်း ရှိသလို နိုင်ငံခြားသား ကစားသမားများလည်း ရှိကြောင်း၊ သို့သော်လည်း ဒီလို ကစားသမားများထဲတွင် ဒိုင်လူကြီး များ၏ ကာကွယ်ပေးမှုကို ရသူကရ မရသူက မရ ဖြစ်နေခြင်းမှာ မမှန်ကြောင်း ပြောကြား ခဲ့သည်။ လွန်ခဲ့သည့် အပတ်က ချဲလ်ဆီးနှင့် စတုတ်စီးတီး ပွဲစဉ်တွင် စတုတ်စီးတီး နည်းပြ တိုနီပူးလစ်သည် ဟန်ဆောင် လှဲချခဲ့သည့် ချဲလ်ဆီး နောက်ခံလူ အိုင်ဗန်နိုဗစ်အား မည်သည့် အပြစ်ပေးခြင်းမျှ မရှိခဲ့ကြောင်းကို အလွန် ဒေါသထွက်ခဲ့သည်။ စနေနေ့က အာဆင်နယ်နှင့် ချဲလ်ဆီး ပွဲစဉ်တွင် ချဲလ်ဆီးနည်းပြ ဒီမက်တီယိုသည် ဟန်ဆောင်လှဲချခြင်းကြောင့် အ၀ါကဒ် ပြသခံခဲ့ရသော အသင်းမှ နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်အား အကာအကွယ် ပေးရန် ကြိုးစားခဲ့ပြီး ထိုသို့သော ဖြစ်ရပ်များအတွက် အာဆင်နယ် အသင်းနည်းပြ ၀င်းဂါးကလည်း ဒိုင်လူကြီးများ အနေဖြင့် ရပ်တန့်စေရန် ကြိုးစားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
   ထို့အတူ ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်သည် အာဆင်နယ် နောက်ခံလူ ချန်ကင်ဆန်၏ ပင်နယ်တီ ဧရိယာ အတွင်း ဖျက်ထုတ်ခံခဲ့ရခြင်းကြောင့် အသင်းအတွက် သေချာပေါက် ပင်နယ်တီ ရခဲ့သင့်သော်လည်း ဒိုင်လူကြီး၏ လျစ်လျူရှုမှုကြောင့် နစ်နာခဲ့ရသည်။ ယင်းနှင့် ပတ်သက်၍ ချဲလ်ဆီး နည်းပြ ဒီမက်တီယိုက ပြောကြားရာတွင် ဟန်ဆောင်လှဲချခြင်းအတွက် ကစားသမားများအပေါ် တရားသေ မှတ်ချက်ပြု သတ်မှတ်၍ မရကြောင်း၊ မိမိတို့ အသင်းမှာလည်း ကျူပီအာ၊ ဂျူဗင်တပ် အသင်းတို့နှင့် ကစားခဲ့သည့် နောက်ဆုံး ပွဲစဉ်များတွင် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များနှင့် အတူ ရသင့် ရထိုက်သော ပင်နယ်တီများ မရခဲ့ကြောင်း ပြောကြားခဲ့သည်။