
25 October 2011

ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာတော့ လက်ရှိချန်ပီယံ မန်ယူရဲ့ ရာသီအစတုန်းက ရှိခဲ့တဲ့ အကောင်းဆုံး ခြေလှမ်းတွေဟာ လွန်ခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာတော့ အလွဲတွေ ဖြစ်ခဲ့ရပါပြီ။
ပရိသတ်များသိပြီးကြတဲ့ အတိုင်း မန်ယူအသင်းဟာ ဒီနှစ်ရာသီရဲ့ အိမ်ကွင်းမန်ချက်စတာ ဒါဘီပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းကို အဆိုးရွားဆုံး ၆း၁ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီတော့ ရာသီအစမှာတုန်းက ဂိုးပြတ်အနိုင်ရလဒ်တွေနဲ့ အတူ ပရိသတ်တွေကို စိတ်ကျေနပ်မှုပေးခဲ့တဲ့ မန်ယူအသင်းရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေ ဘယ်ဆီမှာများ ပုန်းခိုသွားကြပြီလဲဆိုတာ စဉ်းစားခန်း ဖွင့်ဖို့လိုလာပါပြီ။
ဒီနှစ်ရာသီမှာ နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်းမှာ ၀ါရင့် သက်တော်ရှည် ကစားသမားတွေဖြစ်တဲ့ ဗန်ဒါဆား၊ ပေါလ်စခိုးနဲ့ ဂယ်ရီနဗီးလ်တို့ အနားယူသွားခြင်း နှင့်အတူ ဒီဂီယာ၊ ဖီးဂျုံးစ်နဲ့ အက်ရှ်လေယန်းဆိုတဲ့ လူငယ်ကစားသမား ၃ ဦးမှာ ဖာဂူဆန်ဟာ မန်ယူအသင်းရဲ့ ပွဲစဉ်တိုင်းလိုလုမှာ ၀ါရင့်လက်ကျန် ကစားသမား တွေဖြစ်တဲ့ အိုဝင်၊ ဂစ်နဲ့ ပက်ဂျီဆန်အပြင် ဖာဒီနန်နဲ့ ဗီဒစ်တို့ကိုတောင် နေရာသိပ်မပေးတော့ဘဲ ပွဲထွက် ၁၁ ယောက်စလုံးကို ပျမ်းမျှ အသက် ၂၀ ကျော်တဲ့ ကစားသမားတွေကို အားထားလာတာ တွေ့ရပါတယ်။
ဒီတော့ မန်ယူဟာလည်း ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ အာဆင်နယ် ဖြစ်လာခဲ့ပါပြီ။ သို့ပေမယ့် အတွေ့အကြုံ ပိုင်းမှာတော့ အတော်ကို လိုအပ်သွား တာကြောင့် လူငယ်များနဲ့ ဦးစားပေးအသွင်ပြောင်းထားတဲ့ မန်ယူအသင်းအနေနဲ့ လက်ကျန် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ဆိုရင်တော့လာမယ့် ဇန်န၀ါရီမှာ ပြန်ပြီး ဖာထေးပြင်ဆင်ရပါတော့မယ်။
မန်ယူအသင်းဟာ ဒီရာသီမတိုင်ခင်မှာ အနားယူသွားပြီဖြစ်တဲ့ ကွင်းလယ်လူ ပေါလ်စခိုးရဲ့ နေရာအတွက် မဖြည့် ဆည်းနိုင်ခဲ့တာ မှတ်မိကြမှာပါ။ ရှနိုက်ဒါ၊ မိုဒရစ်ဆိုပြီး အသံတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံးတော့ မန်ယူဟာ အသင်းရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ မနှစ်က ၀ီဂန်မှာ အငှားသွားကစားခဲ့တဲ့ တွန်ကလီဗာလေဟာလည်း အစပိုင်းမှာ မန်ယူရဲ့ ပေါလ်စခိုးလက်သစ်လို့ ထင်ရလောက်အောင် အစွမ်းပြခဲ့ပေမယ့် ဘော်လ်တန်နဲ့ ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာကြောင့် အခုထိ နားနေရတဲ့အတွက် အသင်းအပေါ် အပြည့်အ၀ ပေးဆပ်နိုင်ခြင်းမရှိပါဘူး။
ကျန်တဲ့ ကွင်းလယ်လူတွေဖြစ်တဲ့ ကားရစ်၊ ဂစ်ဘ်ဆင်တို့ဟာလည်း ဒဏ်ရာနဲ့ကြံ့ခိုင်မှုမပြည့်တဲ့ ပြဿနာတွေရှိနေသလို အန်ဒါဆန် ကျပြန်တော့လည်း ပေါ်တိုမှာ ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ အခုမန်ယူမှာတော့ အတွေ့အကြုံ နုလွန်းပါသေးတယ်။ ဒါကြောင့် မန်ယူရဲ့ အသင်းကို ခြုံပြီး ကြည့်လိုက်ရင် လိုအပ်နေတာက အတွေ့အကြုံ ဆိုပေမယ့်လည်း နည်းပြ ဖာဂူဆန်ရဲ့ နောက်တန်းခံစစ် လူစာရင်းမတည်ငြိမ်မှုက ပိုပြီး သိသာထင်ရှားမယ် ထင်ပါတယ်။ အခုအချိန်မှာတော့ မန်ယူအသင်းရဲ့ လိုအပ်ချက်တွေကို အိမ်ကွင်းမန်ချက်စတာ ဒါဘီပွဲစဉ်က ကွက်ကွက်ကွင်းကွင်းကို မီးမောင်းထိုးပြခဲ့ပါပြီ။
အဲဒီပွဲစဉ်မှာ မန်ယူအသင်းဟာ ဒုတိယပိုင်းမှာ နောက်ခံလူ ဂျွန်နီအီဗန် ထုတ်ခံရပြီးတဲ့ နောက်ပိုင်း ကစားကွက်ဟာ စပြီး အားနည်းချက်ပေါ်လာခဲ့ပါပြီ။ ဒီလိုအချိန်မှာ ဖာဂူဆန်ဟာ အသက်အရွယ်အရ အကျပိုင်းရောက်နေပြီဖြစ်တဲ့ ဖာဒီနန်ကို လုံးဝမလဲဘဲနဲ့ အန်ဒါဆန်ရဲ့ ကွင်းလယ်နေရာကို ဖီးဂျုံးစ်အပြင်နာနီရဲ့ တောင်ပံကို ဟာနန်ဒက်ဇ်နဲ့ လဲခဲ့ပါတယ်။ အဲဒီနေရာမှာ မန်ယူ အသင်းဟာ လုံးဝကို လူအသုံးပြုပုံလွဲခဲ့ပါပြီ။
ဟာနန်ဒက်ဇ်ဟာ တိုက်စစ်မှူး တစ်ဦးပါ။ ဒါပေမယ့် အခုဒီပွဲမှာ သူနဲ့ ကစားပုံထပ်နေတဲ့ တိုက်စစ်မှူး ၀ဲလ်ဘက်ကြောင့် သူကိုယ်တိုင်ပါ ခြေပျောက်ခဲ့ရပါတယ်။ နောက်တစ်ချက်ကတော့ ဖီးလ်ဂျုံးစ်ဟာ နောက်ခံလူတစ်ဦးပါ။ ကွင်းလယ်လူ မဟုတ်ပါဘူး။ ကစားခဲ့သမျှ ပွဲတွေကို ပြန်ကြည့်ရင် ဖီးဂျုံးစ်ဟာ နောက်တန်းကနေမှ တိုက်စစ်ကို လိုက်ပြီးကစားတာ တွေ့ခဲ့ရမှာပါ။ အဲဒီလို အမှားတွေကြောင့် မန်စီးတီးနဲ့ပွဲတုန်းက မန်ယူက ပွဲပြီးခါနီး အချိန်အထိကို ဂိုးအလှူပေးခဲ့ရပါတယ်။ ဒီလိုအမှားတွေကို နည်းပြဖာဂူဆန် အနေနဲ့ဘာကြောင့်များမမြင်ခဲ့တဲ့အပြင် လူစားလဲခွင့် နေရာမှာလည်း ၂ ဦလဲပြီး ၁ ဦးလဲခွင့် ကျန်နေပါလျက်နဲ့ မလုပ်ခဲ့တာလဲဆိုတော့မသိတော့ပါဘူး။
မန်ချက်စတာမြို့ရဲ့ ကျက်သရေဆောင် ဒါဘီပွဲစဉ်ဆိုတာ ဖာဂူဆန်အတွက် သာမက မန်ယူအသင်းအတွက်ဘဲ မနိုင်လို့ မဖြစ်တဲ့ပွဲပါ။ ဒီလို အနေအထားမျိုးမှာ ဖာဂူဆန်အနေနဲ့ အမှားတွေပြုလုပ်ခဲ့တာကြောင့် မန်ယူအသင်းဟာလည်း အခုလို ကာလရှည် အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ပျက်ခဲ့သလို အဆိုးရွားဆုံးဂိုးပြတ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါပြီ။ အသင်းရှုံးနေလို့ ဖာဂူဆန် တစ်ယောက် တစ်ခဏအတွင်းမှာ အမှားတွေ လုပ်ခဲ့လို့ အခုဆိုရင် သူရော မန်ယူအသင်းပါ တစ်သက်စာ မှတ်သားရမယ့် သင်ခန်းစာတွေ ရခဲ့ပါပြီ။
တကယ်ဆိုရင် မန်ယူအသင်းအနေနဲ့ ကစားသမား ၁၀ ယောက် ၁၁ ယောက်ကစားခဲ့ရတဲ့ ပွဲစဉ်တွေကို အခုမှ ကြုံဖူးတာမဟုတ်ပါဘူး။ အဲဒီလို ဖြစ်ရပ်မျိုးတွေ ရှိခဲ့တဲ့ အရင့်အရင်က ပွဲစဉ်အများစုမှာ မန်ယူဟာတိုက်ပွဲဝင် စိတ်ဓါတ်တွေဟာ ပျောက်ဆုံးသွားခဲ့ရပါပြီ။ နည်းပြ ဖာဂူဆန်အနေနဲ့လည်း လာမယ့် ပွဲစဉ်တွေကစလို့ အခုလို အမှားမျိုးထပ်မဖြစ်ဖို့ လိုအပ်နေသလို လက်ရှိ ချန်ပီယံ မန်ယူအသင်းရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး အဖတ်ဆယ်နိုင်အောင် ကြိုးစားရတော့မယ့် အချိန် ရောက်လာပါပြီ။
ဘေဆယ်လို အသင်းနဲ့ အိမ်ကွင်းမှာ တစ်ဘက် ၃ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကနေစလို့ ဟာကွက်များလာခဲ့တဲ့ မန်ယူအသင်းရဲ့ ခံစစ်ဟာ မန်စီးတီးနဲ့ ပွဲမှာတော့ ပိုပြီး အားနည်းခဲ့ရပါပြီ။ ဒီတော့ အခုလို အားနည်းချက်နဲ့ အမှားတွေကို လက်ကျန်ပွဲစဉ်တွေမှာ မပြင်နိုင်ဘူးဆိုရင်တော့ အကြိမ် ၂၀ မြောက် မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ အိပ်မက် ကန့်လန့်ကာဟာ စောစီးစွာ ပိတ်သိမ်းရဖို့ ဖြစ်သွားနိုင်ပါကြောင်း တင်ပြရင်း..................