| 10 February 2012

အင်တာ ဥက္ကဋ္ဌ မိုရက်တီက ၎င်းအနေဖြင့် လက်ရှိအသင်းနည်းပြ ရေနီယာရီ၏ နေရာ၌ ယခင် အင်္ဂလန် နည်းပြဟောင်း ကာပယ်လိုကို ခေါ်ယူခန့်အပ်ကာ အစားထိုးမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ကာပယ်လိုသည် နောက်ခံလူ ဂျွန်တယ်ရီကို အင်္ဂလန် အသင်းခေါင်းဆောင် ရာထူးမှ ဖြုတ်ချခဲ့သည့် FA ၏ ဆုံးဖြတ်ချက်ပြီးနောက် အင်္ဂလန် နည်းပြ အဖြစ်မှ နှုတ်ထွက်ခဲ့သူဖြစ်သည်။ အင်တာ အသင်းသည် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် နည်းပြ မော်ရင်ဟို ထွက်ခွာ သွားသည့် နောက်ပိုင်း နည်းပြ အပြောင်းအလဲ ၄ ဦး အထိ ဖြစ်ခဲ့သည်။ သို့သော် မိုရက်တီက အသင်းအနေဖြင့် လက်ရှိ နည်းပြ ရေနီယာရီကို ယုံကြည်မှု အပြည့်အ၀ ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အင်တာ အသင်းပိုင်ရှင်က မကြာမီ အသင်းနည်းပြ အပြောင်းအလဲ ဖြစ်မည်ဆိုသည့် သတင်းများမှာ မမှန်ကန်သလို မိမိတို့အသင်းက ကာပယ်လိုကို ခေါ်ယူမည်ဆိုသော သတင်းများမှာလည်း အချေအမြစ် မရှိကြောင်း ပြောကြားခဲ့သည်။ ကာပယ်လိုသည် စီးရီးအေတွင် ယခင်က မီလန်၊ ရိုးမားနှင့် ဂျူဗင်တပ် အသင်းတို့ကို နည်းပြ အဖြစ် ကိုင်တွယ်ခဲ့ဖူးသည်။