| 10 February 2012

အင်တာ ကွင်းလယ်လူ ရှနိုက်ဒါက ၎င်းအနေဖြင့် လွန်ခဲ့သည့် ဇန်န၀ါရီ ဈေးကွက်တွင် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားခဲ့ဖူးကြောင်း ပြောကြား လိုက်သည်။ အဆိုပါ ကွင်းလယ်လူမှာ မန်ယူအသင်းသို့ ရောက်ရှိရန် နီးစပ်ခဲ့သော်လည်း ၎င်းအား ပေးချေရမည့် တစ်ပတ် လုပ်အားခ ပေါင် ၂ သိန်းခွဲမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတို့အတွက် ဈေးကြီးလွန်းနေ၍ အခက်တွေ့နေသည်။ ရှနိုက်ဒါကို မန်စီးတီး နှင့် ရုရှားကလပ် အန်ဇီအသင်းတို့ကလည်း စိတ်ဝင်စား နေသည်။ အသက် ၂၇ ခုနှစ်အရွယ်ရှိ ရှနိုက်ဒါမှာ အင်တာ အသင်းနှင့် ၂၀၁၅ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသူ ဖြစ်သည်။ သို့သော်လည်း ယခုနှစ် ပထမ ရာသီဝက်တွင် အသင်း၏ ဆိုးရွားသည့် ရလဒ်များကြောင့် ၎င်း၏ အနာဂတ်မှာလည်း မရေမရာ ဖြစ်လာခဲ့ကြောင်း ရှနိုက်ဒါက ၀န်ခံပြောဆိုခဲ့သည်။ အင်တာအသင်းသည် ယခုရာသီ စီးရီးအေ အမှတ်ပေးဇယားတွင် အဆင့် ၅ သို့ ပြန်ရောက်လာခဲ့သော်လည်း လာမည့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် ရရန် အတွက် ရုန်းကန်ရမည် ဖြစ်သည်။ ဟော်လန် ကွင်းလယ်လူ ရှနိုက်ဒါက မိမိအနေဖြင့် မန်ယူအသင်းနှင့် တရားဝင် မညှိနှိုင်းရသေးသော်လည်း မန်ယူအသင်းထံမှ မိမိအား စိတ်ဝင်စားနေခြင်းကို သိရှိထားကြောင်း ပြောကြားခဲ့သည်။