
06 February 2012

ချင်းယူနိုက်တက်အသင်းသည် ယနေ့ ညနေပိုင်းတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် YUSC မြက်ခင်းတု ကွင်းတွင် ဆောက်သမ်းမြန်မာ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ချင်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ဆောက်သမ်းမြန်မာအသင်းကို မာလနှင့် ရမ်လာကျဲ တို့၏ တိုက်စစ် အတွဲမှတစ်ဆင့် တစ်ဖက်သတ်နီးပါး ဖိအားပေး ကစားနိုင်ခဲ့ပြီး ပထမပိုင်း ၄၅ မိနစ် ပြည့်ရန် ၅ မိနစ်ခန့်သာ လိုတော့သည့် အချိန်တွင် အသင်းမှ ကစားသမားဖြစ်သူ သောင်ကန်းတန်က အသင်းအတွက် အဖွင့်ဂိုးကို အကောင်းဆုံး သွင်းယူသွားနိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်အစတွင် ဆောက်သမ်းမြန်မာအသင်းမှာ ချင်းယူနိုက်တက်အသင်းကို ပြန်လည်ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၆ မိနစ်တွင် ရန်မျိုးအောင်က အသင်းအတွက် ချေပဂိုး သွင်းယူသွားခဲ့သည်။ ယင်းနောက် ချင်းယူနိုက်တက်အသင်းမှာ ကစားပုံ ပြန်ကောင်းလာခြင်းကြောင့် ပွဲမှာ ကြည့်ကောင်းလာခဲ့သလို နှစ်ဖက်အသင်းမှ ကစားသမားများမှာလည်း မကြာခဏ အချင်းများမှုများ ဖြစ်လာခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပွဲကစားချိန်အတွင်းတွင် ချင်းယူနိုက်တက်နှင့် ဆောက်သမ်းမြန်မာအသင်းတို့မှ နံပါတ် ၈ ဟိန်းဇာထွန်းနှင့် နံပါတ် ၁၆ ကျော်ဇင်ဝင်းတို့မှာ ဘောလုံးယှဉ်လုရင်း အချင်းများခဲ့သောကြောင့် နှစ်ဦးစလုံးကို ကွင်းလယ်ဒိုင် ဦးကိုလေးက အနီကဒ်ပြ ထုတ်ပယ်လိုက်သည်။ ထို့နောက် နှစ်သင်းစလုံးမှာ တစ်ဖက်ကို ကစားသမား ၁၀ ဦးစီဖြင့်သာ ကစားခဲ့ကြရသည်။ ထို့နောက် ချင်းယူနိုက်တက်အသင်းသည် ၀ါရင့် မြန်မာလက်ရွေးစင် တိုက်စစ်မှူးဟောင်း မာလ ဦးဆောင်သည့် ရှေ့တန်း တိုက်စစ်အတွဲဖြင့် လိုအပ်နေသည့် အနိုင်ဂိုး ရရှိရေးအတွက် အပြင်းအထန် ကြိုးစားကစားခဲ့သလို ဆောက်သမ်းမြန်မာအသင်းကလည်း ခံစစ်ကို အမှီပြု၍ တန်ပြန်တိုက်စစ်မှတစ်ဆင့် ပြန်လည်ဖိအားပေးပြီး အနိုင်ဂိုးရရှိရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် နှစ်သင်းစလုံးမှာ တစ်ဖက်နှင့်တစ်ဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ကိုသာ ကျေနပ်ခဲ့ရသည်။