ရတနာပုံအသင်း၏ ပရိသတ် အင်အားကို တယ်ရိုဆက်ဆနာ အသင်း စိုးရိမ်နေ

Print PDF

Share this post

 

 

  ထိုင်းကလပ်အသင်းဖြစ်သည့် BEC တယ်ရို ဆက်ဆနာအသင်း နည်းပြ အန်ဒရူးအော့ဒ်က လာမည့် ရတနာပုံ အသင်းနှင့် ခြေစမ်းပွဲစဉ်တွင် လွန်ခဲ့သည့် ဧရာဝတီ ယူနိုက်တက်အသင်းကို ဂိုးပြတ် အနိုင်ရခဲ့သလိုမျိုး ဖြစ်လာလိမ့်မည် မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။

  အဆိုပါ ထိုင်းကလပ် အသင်းသည် ယမန်နေ့က အောင်ဆန်းကွင်းတွင် ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဧရာဝတီယူနိုက်တက် အသင်းအား ၅း၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ယခုလ ၂၅ ရက်နေ့တွင် မန္တလေးမြို့ ဗထူးကွင်း၌ အိမ်ရှင် ရတနာပုံအသင်းနှင့် ၎င်းတို့၏ မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ်၏ ဒုတိယ ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ လက်ရှိ တယ်ရိုဆက်ဆနာအသင်း နည်းပြဖြစ်သူ အန်ဒရူးအော့ဒ်သည် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက် အကယ်ဒမီ၌ နည်းပြအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ၎င်းက " ရတနာပုံ အသင်းဟာ လက်ရှိအချိန်မှာ အသင်းကောင်းတစ်သင်းဆိုတာ အားလုံး သိကြမှာပါ။ သူတို့ အသင်းဟာ အသင်းလိုက် ကစားပုံကောင်းပြီး တစ်ဦးချင်းမှာလည်း ထူးချွန်တဲ့ ကစားသမားတွေ အများအပြား ရှိပါတယ်။ ရတနာပုံ အသင်းရဲ့ အဓိက အားသာချက်ကတော့ အိမ်ရှင် ပရိသတ်အင်အားပါ။ ကျွန်တော် ရန်ကုန်အသင်းမှာ တုန်းက သူတို့ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဗထူးကွင်းမှာ ကစားရတဲ့ ပွဲစဉ်တွေကို လိုက်ကြည့်ခဲ့ဖူးပါတယ်။ ရတနာပုံအသင်းဟာ သူတို့ရဲ့နောက်မှာ ရပ်တည်နေတဲ့ အိမ်ရှင် ပရိသတ် အင်အားကို အကောင်းဆုံး အသုံးချပြီး ကစားမှာဖြစ်လို့ သူတို့ကို ကျွန်တော်တို့ အနေနဲ့ လွန်ခဲ့တဲ့ ဧရာဝတီနဲ့ ပွဲစဉ်တုန်းကလို အနိုင်ရမယ်လို့  မမျှော်လင့်ရဲပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံး ကစားသွားမှာပါ" ဟု ပြောဆိုခဲ့သည်။ အန်ဒရူးသည် သြစတြေးလျနိုင်ငံမှ  လူငယ်ဘောလုံး အကယ်ဒမီများ၌ နည်းပြဘ၀ကို စတင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ရန်ကုန် ယူနိုက်တက် လူငယ် အကယ်ဒမီနည်းပြအဖြစ် စတင် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းမှာ ပထမဆုံး ပြည်ပနိုင်ငံတစ်ခုတွင် နည်းပြအတွေ့အကြုံလည်း ဖြစ်သည်။ ယခင် ရန်ကုန်ယူနိုက်တက်အသင်းမှ နည်းပြဟောင်း ပီတာဘတ္တလာသည် ရာထူးမှ နှုတ်ထွက် သွားခဲ့ပြီးနောက် ထိုင်းကလပ် အသင်းဖြစ်သည့် BEC တယ်ရိုဆက်ဆနာ အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး နည်းပြဖြစ်သူ အန်ဒရူးအား လူငယ်အသင်းနည်းပြအဖြစ် တာဝန်ပေးခဲ့ရာမှ စတင်၍ တယ်ရိုဆက်ဆနာ အသင်းမှာ ပြည်တွင်းပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိလာခဲ့သည်။ ထို့အပြင် ယမန်နှစ်ကုန်ကာနီးတွင် နည်းပြ ပီတာဘတ္တလာသည် မလေးရှား ကလပ်အသင်း ဖြစ်သည့် ကီလန်တန်အသင်းသို့  ထွက်ခွာသွားခြင်းကြောင့်  တယ်ရိုဆက်ဆနာ အသင်းသည် အသင်းနည်းပြအဖြစ် ပြည်တွင်း နည်းပြ တစ်ဦးဖြစ်သော ပါရောင်းကို တာဝန်ပေးခဲ့သော်လည်း ရလဒ်များ ဆိုးဝါးခဲ့သည့် အသင်းဖြစ်သည်။

  ယင်းနောက် ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတွင် တယ်ရိုဆက်ဆနာအသင်းသည် လူငယ်အသင်းနည်းပြ အန်ဒရူးကို အသင်းကြီး နည်းပြအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ထို့ပြင် အန်ဒရူးသည် ရတနာပုံအသင်းနှင့် ပွဲအပြီး ယခုလ ၂၇ ရက်နေ့တွင် YUSC မြက်ခင်းတုကွင်း၌ ၎င်း၏ အသင်းဟောင်းဖြစ်သည့်  ရန်ကုန်ယူနိုက်တက် အသင်းနှင့် ကစားရမည့် မြန်မာနိုင်ငံ ခြေစမ်းခရီးစဉ်၏ နောက်ဆုံး ခြေစမ်းပွဲစဉ်မှာလည်း အနိုင်ရရှိရန် မလွယ်ကူကြောင်း၊ ရန်ကုန်အသင်းမှာ လက်ရှိ ပြည်တွင်း ချန်ပီယံဖြစ်၍ အသင်းကောင်း တစ်သင်းဖြစ်ကြောင်း ဆက်လက်ပြောကြား သွားခဲ့သည်။ ထို့အပြင် နည်းပြ အန်ဒရူးက "အခု မြန်မာ့ ဘောလုံးလောကမှာ အရင်ထက်ပိုပြီး လူငယ်ကစားသမားတွေကို မြင်တွေ့နေရတာဟာ တိုးတက်မှုလမ်းစ တစ်ခုပါဘဲ။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ဧရာဝတီ အသင်းက ကစားသမားဖြစ်တဲ့ နေလင်းထွန်းဆိုရင် ကျွန်တော် ရန်ကုန်အသင်းမှာရှိစဉ်က နည်းပြ သင်ကြားပေးခဲ့တဲ့ အတိုင်း ကြိုးစားဆောင်ရွက်နိုင်တဲ့ ကစားသမားတစ်ဦးပါ။ အခုလို သူရဲ့ကြိုးစား အားထုတ်မှု အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ သူ့လို ကစားသမားတွေလည်း အများအပြားရှိတဲ့ အတွက် မြန်မာနေရှင်နယ်လိဂ်ဟာ  လွန်ခဲ့တဲ့ ၂ နှစ်ကထက် ပိုပြီး တိုးတက်လာခဲ့ပါတယ်။" ဟု ပြောကြားသွားခဲ့သည်။

  မန်မာနိုင်ငံတွင်  ခြေစမ်းပွဲများ လာရောက်ကစားနေသည့် တက်ရိုဆက်ဆနာ အသင်းသည် ရန်ကုန်ယူနိုက်တက် အသင်း အပါအဝင် အခြားသော ကလပ်အသင်း ၉ သင်းနှင့် မိတ်ဖက် အသင်းဖွဲ့ ထားပြီး အဆိုပါ အသင်းများတွင် ထိုင်းကလပ် ၄သင်း၊ ဟောင်ကောင် ကလပ် ၁သင်း ၊ ဗီယက်နမ် ကလပ်၁သင်း၊ မြန်မာကလပ်၁ သင်းနှင့် အင်္ဂလန်ကလပ်အသင်းများ ဖြစ်သည့် အာဆင်နယ်နှင့် ဘလက်ပူးလ် အသင်းတို့ဖြစ်ကြောင်း သိရသည်။