24 February 2012

ယခုနှစ် ဘရူနိုင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၁ အသင်းမှ ကစား
အဆိုပါ ပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် ဖိလစ်ပိုင်အသင်းနှင့် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကစားပြီးနောက် ယခုလ ၂၈ ရက်နေ့တွင် အင်ဒိုနီးရှား အသင်း၊ လာမည့် မတ်လ ၂ ရက်နေ့နှင့် ၄ ရက်နေ့များတွင် လာအို၊ စင်္ကာပူ အသင်းတို့နှင့်အတူ အုပ်စု ပွဲစဉ်များ ဆက်လက် ကစားရမည်ဖြစ်ပြီး ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ အားလုံး မတ်လ ၄ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ ထို့အပြင် ယင်းပြိုင်ပွဲ၏ နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို မတ်လ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ အခြားသော မြန်မာအသင်းပါဝင်သည့် အုပ်စု(က)မှ ပွဲစဉ်များကို မြန်မာ့စံတော်ချိန် နေ့လည် ၂း၄၅ နာရီတွင် စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ပွဲစဉ်များအား (၈)ပေစလောင်းမှ ဖမ်းယူကြည့်ရှုနိုင်ဖွယ် ရှိကြောင်း မြန်မာအသင်း အုပ်ချုပ်သူ ဦးစိုးမိုးကျော်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
အဆိုပါ ပွဲစဉ်များကို RBT1,RBT 2 စသည့် ရုပ်သံလိုင်း များမှ ဖမ်းယူနိုင်ဖွယ်ရှိပြီး ပွဲအပြီးတွင်လည်း မြန်မာအသင်း အုပ်ချုပ်သူမှလည်း အသင်းနှင့် ပတ်သက်သည့် နောက်ဆုံး သတင်းများကို ဆက်လက်၍ ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ အသင်းသည် ပြိုင်ပွဲကျင်းပရာ ဘရူနိုင်း နိုင်ငံသို့ ထွက်ခွာရာတွင် ပြိုင်ပွဲ အိမ်ရှင် နိုင်ငံ၏ ပံ့ပိုးကူညီမှုဖြင့် သွားရောက်ရခြင်း ဖြစ်ပြီး ရန်ကုန်မြို့မှ တစ်ဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လည်းကောင်း၊ ဘန်ကောက်မြို့မှ တစ်ဆင့် စင်္ကာပူသို့ လည်းကောင်း၊ စင်္ကာပူမှ တစ်ဆင့် ပြိုင်ပွဲကျင်းပရာ ဘရူနိုင်း နိုင်ငံ၏ မြို့တော်ဖြစ်သည့် ဘန်ဒါဆရီ ဘီဂါဝမ် မြို့သို့ အဆင့်ဆင့် လေကြောင်း ခရီးဖြင့် သွားရောက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ခရီးစဉ် ကြန့်ကြာမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အသင်းမှ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကျော်ကိုကိုမှာလည်း ထိုင်းလေကြောင်းခရီးစဉ်တွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ပျောက်ဆုံး ခဲ့ရသော်လည်း စင်္ကာပူ နိုင်ငံရှိ မြန်မာသံအမတ်ကြီး၏ ပံ့ပိုး ကူညီမှုဖြင့် ယာယီပတ်စ်ပို့ရရှိခဲ့ပြီး အသင်းနှင့် ပြန်လည်ပူးပေါင်းပါဝင် နိုင်ခဲ့သည်။
မြန်မာအသင်းသည် အခက်အ ခဲများကြားမှ လေ့ကျင့်မှုမပျက်စေရန် ကြိုးပမ်းခဲ့ကြပြီး ပွဲဦးနိုင်ပွဲရရှိစေရန် ယနေ့ ဖိလစ်ပိုင် အသင်းနှင့် ပွဲစဉ်အား အထူးကြိုးစားယှဉ်ပြိုင်မည် ဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော်၏ ပေးပို့ချက်များအရ သိရသည်။