24 February 2012

ယခုနှစ် ဘရူနိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ယူ-၂၁ အသင်းများ အနက်မှ တီမောနှင့် မြန်မာအသင်းတို့သည် ပြိုင်ပွဲကျင်းပရာ ဘရူနိုင်းနိုင်ငံသို့ ရောက်ရှိသည့် ဒုတိယနှင့် တတိယမြောက် အသင်းများဖြစ်ခဲ့ကြ သည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်းတွင် ဒုတိယရရှိခဲ့ပြီးနောက် မြန်မာအသင်းသည် ယခုနှစ်ပြိုင်ပွဲတွင် ချန်ပီယံအဖြစ် ရေပန်းစားနေသည့် အသင်းများထဲမှ တစ်သင်းဖြစ်သည်။ မြန်မာအသင်းသည် လွန်ခဲ့သည့် ၂၀၀၅ နှင့် ၂၀၀၇ ခုနှစ်တို့တွင် ဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ထိုင်းအသင်းနှင့် နှစ်ကြိမ်စလုံး၌ ရင်ဆိုင်ခဲ့ရာတွင် ၃းဝ ဖြင့်လည်းကောင်း၊ ၅း၎ (ပင်နယ်တီ) ဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့ပြီး ဒုတိယနှင့်သာ ကျေနပ်ခဲ့ရသည်။
မြန်မာအသင်းကို နည်းပြ အဖြစ် တောင်ကိုးရီးယားလူမျိုးနည်းပြ ပတ်ဆောင်ဟွာက တာဝန်ယူကိုင်တွယ်နေပြီး လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည်။ မြန်မာ အသင်းသည် အုပ်စု (က) တွင် အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ စင်္ကာပူအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ယနေ့တွင် ဖိလစ်ပိုင်အသင်းနှင့် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမည်ဖြစ်သည်။ ထို့အပြင် မြန်မာ ယူ-၂၁ အသင်းမှ အုပ်ချုပ်သူ ဦးစိုးမိုးကျော်က မိမိတို့ အနေဖြင့် ယခုပြိုင်ပွဲကို အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် မိမိတို့အသင်း ဗိုလ်စွဲရန်မှာ ကံတရား၏ ဖေးမမှုတွင်သာမူတည်ကြောင်း ပြောကြားလိုက်သည်။ ထို့အပြင် အင်ဒိုနီးရှားအသင်းသည် ယခု ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် မျှော်လင့်ချက် ထားရှိနေပြီး အခြားသော အုပ်စု (ခ) တွင် ပါဝင်သည့် မလေးရှားအသင်းမှာလည်း ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။