25 February 2012

ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်သည် လာမည့်အပတ် ဗင်နီဇွဲလား အသင်းနှင့် ခြေစမ်းပွဲစဉ်အတွက် ထုတ်ပြန်လိုက်သည့် စပိန်အသင်း လူစာရင်းမှ ချန်လှပ်ခံရကြောင်း သိရသည်။ ယင်းကြောင့် တောရက်စ်သည် ယူရို ၂၀၁၂ တွင် စပိန်အသင်းအတွက် ကစားခွင့်ရရေးကိုပါ ရုန်းကန်ရမည်ဖြစ်သည်။ တောရက်စ်သည် ယနေ့ ဘော်လ်တန် အသင်းနှင့် ပွဲစဉ်ကို အောက်တိုဘာလမှ စတင်ကာ ယခုအချိန်အထိ ချဲလ်ဆီးအသင်းတွင် ပွဲ ၂၀ ကြာ ဂိုးပေါက် ပျောက်နေသူ ဖြစ်သည်။ ထို့အပြင် အဆိုပါ တိုက်စစ်မှူးသည် စပိန်အသင်းတွင်လည်း လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကတည်းက ဂိုးကံခေနေသူ ဖြစ်သည်။ ခြေကျိုးဒဏ်ရာရရှိနေသည့် တိုက်စစ်မှူး ဒေးဗစ်ဗီလာလည်း ယခုလူစာရင်းတွင် မပါဝင်ခဲ့ပေ။ စပိန်နည်းပြ ဒယ်လ်ဘော့စကေးသည် ယခုလူစာရင်းတွင် ဗလင်စီယာ အသင်းမှ ဆိုလ်ဒါဒို၊ ဘီဘာအိုလ် အသင်းမှ အိုင်ကာမူနီယန်နှင့် လော်ရန်တေး အပြင် ဆီဗီးလား အသင်းမှ နီဂရီဒိုတို့ကို ယခု လူစာရင်းတွင် ထည့်သွင်း ရွေးချယ်ထားသည့် ရီးရဲလ်နောက်ခံလူ အယ်လ်ဘီလွန်နှင့် ဘာစီလိုနာ တိုက်စစ်မှူး ပီထရိုတို့မှာ ယင်းလူစာရင်းတွင် မပါဝင်ခဲ့ပေ။ တိုက်စစ်မှူး ဆိုလ်ဒါဒိုသည် ယခုရာသီတွင် ဗလင်စီယာအသင်းအတွက် ၁၇ ဂိုး သွင်းယူထားပြီး ယခုလို စပိန်လက်ရွေးစင် အဖြစ် ရွေးချယ်ခံရခြင်းမှာ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် ဇွန်လနောက်ပိုင်း ပထမဆုံး ဖြစ်ပြီး မူနီယန်မှာလည်း လက်ရွေးစင် အဖြစ် ပထမဆုံး ရွေးချယ်ခံရခြင်းဖြစ်သည်။