ချန်ပီယံလိဂ်ခြေစစ်ပွဲ ပထမအကျော့အဖြစ် ဟော့ဖန်ဟိန်းနှင့် ကစားရမည့် ယနေ့ည ပွဲစဉ်တွင် လီဗာပူးဘက်၌ ကော်တင်ဟိုပါဝင်မည်မဟုတ်ဟု သိရသည်။
၂၅ နှစ်သား ကွင်းလယ်ကစားသမား ကော်တင်ဟိုမှာ အသင်းပြောင်းခွင့် တောင်းဆိုထားသူဖြစ်ပြီး လီဗာပူးအသင်းမှာ ဘာစီလိုနာက ပေါင်သန်း ၉၀ ဖြင့် ကမ်းလှမ်းထားမှုကို ပယ်ချထားဆဲ ဖြစ်သည်။
ကော်တင်ဟိုမှာ ကျောဒဏ်ရာကြောင့် ဝတ်ဖို့ဒ်နှင့် ကစားခဲ့ရသည့် ပရီးမီးယား ပွဲစဉ်၁တွင် ပါဝင်ခဲ့ခြင်းမရှိသကဲ့သို့ ယခုပွဲတွင်လည်း ပါဝင်မည် မဟုတ်ပေ။ အကယ်၍ ကော်တင်ဟိုသာ ယနေ့ည ပါဝင်ကစားခဲ့ပါက ဘာစီလိုနာသို့ ပြောင်းဖြစ်ခဲ့လျှင် ချန်ပီယံလိဂ်ပွဲများ၌ ဝင်ကစားခွင့်မရနိုင်တော့ခြင်းကြောင့် ချန်လှပ်ထားခြင်း ဖြစ်နိုင်သည်။
လီဗာပူးနည်းပြ ကလော့ပ်က ကော်တင်ဟိုအနေနှင့် လက်ရှိအချိန်တွင် လီဗာပူးအတွက် ကစားပေးလိုစိတ်ရှိနေမည် မဟုတ်ကြောင်း၊ ကစားလိုစိတ်မရှိသူကို ထည့်ကစားခြင်းမှာ နှစ်ဘက်လုံးအတွက် အကျိုးမရှိကြောင်း ပြောဆိုခဲ့သည်။
ကော်တင်ဟိုမှာ လွန်ခဲ့သော ဇန်နဝါရီလတွင်မှ လီဗာပူးနှင့် ၅နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး အပြောင်းအရွှေ့ ကာလ မကုန်ဆုံးမီ အသင်းပြောင်းခွင့်ရလိမ့်မည်ဟု ယူဆရသည်။
U Myo Thant