ဟောင်ကောင် အခြေစိုက် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဘယ်လ်ရမ်ချိန်ရိုင်းသည် ပို့စ်မောက် အသင်း၏ ၄ ဦးမြောက် ပိုင်ရှင်ဖြစ်လာသည်။ ချိန်ရိုင်းသည် နီပေါလ်လူမျိုးတစ်ဦးဖြစ်ပြီး ဗြိတိသျှ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူဖြစ်သည်။ ပို့စ်မောက် အသင်း၏ လက်ရှိ အမှုဆောင်ချုပ် ပီတာ စတိုရီသည် အသင်းအား နေ့စဉ် လှည်ပတ်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ချိန်ရိုင်း၏ ကုမ္ပဏီဖြစ်သည့် Portpin သည် ပို့စ်မောက်အသင်းကို ချေးငွေ အလုံးအရင်းချပေးသွားမည်ဟု သိရပြီး ပို့စ်မောက်အသင်း၏ အကျိုးစီးပွားအတွက် အကောင်းဆုံး ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။ ယခုကဲ့သို့ ၀ယ်ယူ လိုက်သည့် အတွက် ပို့စ်မောက် အသင်းသည် ဟောင်ကောင် စီးပွားရေးလုပ်ငန်း တစ်ဦး ပိုင်ဆိုင်သည့် ဒုတိယမြောက် ပရီးမီးယားလိဂ် အသင်း ဖြစ်လာ ခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း ကလည်း ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် ကာဆင်ယန်းသည် ဘာမင်ဂမ် အသင်းကို ၀ယ်ယူခဲ့သည်။ ပို့စ်မောက်အသင်းသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖူလ်ဟမ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား၏ အောက်ဆုံးမှာပင် ရပ်တည်နေပြီး ၂၃ ပွဲကစားရာတွင် ၁၆ ပွဲ ရှုံးနိမ့်ထားသည်။ ပြီးခဲ့သည့် ဇန်န၀ါရီ အပြောင်း အရွှေ့ ကာလ အတွင်းကလည်း ပို့စ်မောက် အသင်းသည် အသင်း၏ ဘဏ္ဍာရေး အကျပ်အတည်းများကို တစ်ဖက်တစ်လှမ်းမှ ဖြေရှင်းနိုင်ရန် အလို့ငှာ ဘော့စနီးယား ဂိုးသမား ဘီဂိုဗစ်အား စတုတ်စီးတီး အသင်းသို့ ရောင်းထုတ်ခဲ့ပြီး အငှားစာချုပ်ဖြင့် လာရောက် ကစားနေသူ နောက်ခံလူ ကာဘိုးလ်ကိုလည်း စပါး အသင်းသို့ ပြန်လည် ပေးအပ်ခဲ့သည်။ |