မန်ယူ အသင်းမှ ၀ါရင့် ကွင်းလယ်လူ ဂစ်မှာ ESPN မီဒီယာမှ ချီးမြှင့်သည့် ဆယ်စုနှစ် အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပြီ ဖြစ်သည်။ အဆိုပါ ဆုအတွက် ကမ္ဘာ့ အနှံ့အပြားမှ ပရိသတ်များကို မဲဆန္ဒများ ကောက်ခံရာတွင် ဝေလသား ဂစ် မှာ မဲအရေအတွက် ၆၄၄၈၅၃ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ပြီး ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒင်ဟိုက ၄၀၆၀၉၃ ဖြင့် ဒုတိယ၊ မန်ယူ မှ ၀ါရင့် ဂိုးသမားဖြစ်သူ ဗန်ဒါးဆားက ၁၁၀၀၈၃ ဖြင့် တတိယ နေရာတို့တွင် အသီးသီး ရပ်တည်ခဲ့ကြောင်း သိရသည်။ ဂစ်မှာ မန်ယူ အသင်းအတွက် ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်မှ စတင်ကာ ယနေ့အတွက် ၅၇၉ ပွဲကစား၊ ၁၀၅ ဂိုး သွင်းယူထားသူ ဖြစ်ပြီး မန်ယူ အသင်းအတွက် ပရီးမီးယား ဖလား ၁၁ ကြိမ်၊ FA ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ကားလင်းဖလား ၃ ကြိမ် စသည့် အောင်မြင်မှု များစွာကို ရယူခဲ့သူ ဖြစ်သည်။ ဂစ်မှာ ဝေလ လက်ရွေးစင် အသင်းအတွက် ၆၄ ပွဲ ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူခဲ့ကာ လက်ရွေးစင် ကစားသမား ဘ၀မှ အနားယူခဲ့သူ ဖြစ်သည်။ |