၂၀၀၉-၁၀ ရာသီအတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲများတွင် ဒါဘီပွဲစဉ် များစွာ ရှိသည့်အနက် ယခု တစ်ပတ်အတွင်း ကျင်းပမည့် မာဆေးလ်ဆိုက် ဒါဘီ နှင့် လန်ဒန် ဒါဘီ ပွဲစဉ်များ အကြောင်း တင်ပြ လိုပါသည်။ မာဆေးလ်ဆိုက် ဒါဘီပွဲစဉ် အဖြစ် ယနေ့ည အစောပိုင်းတွင် လီဗာပူးနှင့် အဲဗာတန် အသင်းတို့ ကစားမည် ဖြစ်သည်။ လန်ဒန် ဒါဘီ အဖြစ် မနက်ဖြန်ညတွင် ချဲလ်ဆီးနှင့် အာဆင်နယ် အသင်းတို့ ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ မာဆေးလ်ဆိုက် ဒါဘီပွဲကို ဦးစွာ လေ့လာကြည့်မည် ဆိုလျှင် လီဗာပူး အသင်းမှာ အဲဗာတန် အသင်းနှင့် သမိုင်း တစ်လျှောက် ပြိုင်ပွဲ အရပ်ရပ်၌ ၂၁၂ ကြိမ် တွေ့ဆုံခဲ့ပြီး လီဗာပူးက ၈၃ ကြိမ် နိုင်၊ အဲဗာတန် အသင်းက ၆၅ ကြိမ် အနိုင်ရရှိထားပြီး ၆၄ ကြိမ် သရေကျ ထားခဲ့သည်ကို တွေ့ရသည်။ အဲဗာတန် အသင်းမှာ လီဗာပူးကို အဝေးကွင်းတွင် ကစားခဲ့သည့် ပွဲမှတ်တမ်းများ အရ ကြည့်မည်ဆိုလျှင် အနိုင်မရခဲ့သည်မှာ ၁၀ နှစ်ပင် ကြာခဲ့ပြီ ဖြစ်သည်။ အဲဗာတန် အနေဖြင့် လီဗာပူးကို အဝေးကွင်းတွင် အနိုင် ရခဲ့သည်မှာ ၁၉၉၉ ခုနှစ်စက်တင်ဘာလ ၂၇ ရက်နေ့ က ကစားခဲ့သည့် ပွဲတစ်ပွဲသာ ရှိခဲ့သည်။ လီဗာပူး အသင်း အနေဖြင့် ပြီးခဲ့သည့် ပို့စ်မောက် အသင်းကို အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့သည့် နောက်ပိုင်း နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယားလိဂ် ၆ ပွဲတွင် လုံးဝ မရှုံးထားသည်ကို တွေ့ရပြီး ၁ ဂိုးသာ ပြန်ပေး ထားရသည့် အသင်း ဖြစ်သည်။ လီဗာပူး အသင်းမှာ ပြီးခဲ့သည့် စက်တင် ဘာလတွင် ကစားခဲ့သည့် ဟောလ်စီးတီး နှင့် ပွဲတွင် ၆ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ယခုနောက်ပိုင်း ပွဲစဉ်များတွင် အဓိက ကစားသမားများ ဖြစ်သည့် ဂျရတ်နှင့် တောရက်စ်တို့ ဒဏ်ရာ ရနေသောကြောင့် ၂ ဂိုးထက် ပို၍ မသွင်း နိုင်တော့သည်ကို တွေ့ရသည်။ အဲဗာတန် အသင်းမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လီဗာပူးကို ၀း၂ ဖြင့်အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့သည့် ပရီးမီးယား ပွဲစဉ်နောက်ပိုင်း နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယား ၉ ပွဲစလုံးတွင် ၉ ပွဲစလုံး မရှုံးနိမ့်ထားသည့် အသင်း ဖြစ်သည်။ အဲဗာတန် အသင်းမှာ ပရီးမီးယား ထိပ်သီး အသင်းကြီးများနှင့် ကစားခဲ့သည့် နောက်ဆုံး ၇ ပွဲတွင် ၄ ဂိုးသာ ပေးထားရသည့် အသင်း ဖြစ်သည်။ ယနေ့ညပွဲတွင် လီဗာပူး အသင်းမှ ခြေထောက် ဒဏ်ရာကြောင့် ကာလရှည် နားနေခဲ့ရသည့် နောက်ခံလူ အော်ရယ်လီယိုမှာ ပြန်ကစား နိုင်ဖွယ် ရှိသည်။ အဓိက တိုက်စစ်မှူး တောရက်စ် ဒဏ်ရာကြောင့် ယနေ့ည ဒါဘီပွဲတွင် မပါဝင် နိုင်သည့် အတွက် လီဗာပူး အသင်းမှာ ယခင် ပွဲစဉ်အတိုင်း တိုက်စစ်မှူး များဖြစ်သည့် အန်ဂေါ့နှင့် ဒါကုခ်ျ့ တို့ကိုသာ အားကိုးရဦးမည် ဖြစ်သည်။ လီဗာပူး အသင်းမှ နောက်ခံလူ ဂလင်းဂျွန်ဆင်နှင့် ကွင်းလယ်လူ ဘီနာယောင် တို့မှာ ဒဏ်ရာကြောင့် ယနေ့ညပွဲကို လွဲပြီ ဖြစ်သည်။ အဲဗာတန် အသင်းမှာ ယနေ့ညတွင် အာဖရိက နိုင်ငံများ ဖလားပွဲမှ ပြန်လာခဲ့သည့် တိုက်စစ်မှူး ယာကူဘူ၊ အသင်းမှ ပင်တိုင် တိုက်စစ်မှူး ဆာဟာ၊ LA ဂလက်ဇီ အသင်းမှ အငှား လာကစား နေသည့် တိုက်စစ်မှူး ဒိုနိုဗန် တို့၏ စုဖွဲ့မှုဖြင့် လီဗာပူး အသင်းဘက်ကို ထိုးဖောက်မည်မှာ အမှန်ပင် ဖြစ်သည်။ အဲဗာတန် အသင်းမှ ပေါင်ခြံ ဒဏ်ရာ ကြောင့် ကာလရှည် နားနေခဲ့ရသည့် ကွင်းလယ်လူ အာတီတာ မှ ယနေ့ညတွင် ပါဝင်ဖွယ် ရှိပြီး ဂေါ်ဆလင်း၊ ဟစ်ဘတ် နှင့် ဂျာဂျီကာ တို့မှာ ဒဏ်ရာကြောင့် လုံးဝ လွဲပြီ ဖြစ်သည်။ မနက်ဖြန်ညတွင် ကစားမည့် ချဲလ်ဆီး-အာဆင်နယ် အသင်းတို့၏ လန်ဒန် ဒါဘီ ပွဲအကြောင်း ကြည့်ကြမည် ဆိုလျှင် အာဆင်နယ်မှာ ချဲလ်ဆီး အသင်းနှင့် တွေ့ဆုံခဲ့သည့် နောက်ဆုံး ၁၅ ပွဲတွင် ၂ ပွဲသာ အနိုင်ရထားသည့် အသင်းဖြစ်ပြီး ချဲလ်ဆီး အသင်း၏ အိမ်ကွင်း တွင်မူ ၁ ကြိမ်သာ အနိုင်ရထားသည်ကို တွေ့ရသည်။ ချဲလ်ဆီး အသင်းမှာ ယခုရာသီ ပရီးမီးယား အသင်းကြီးများနှင့် တွေ့ဆုံမှု မှတ်တမ်းအရ ကြည့်မည်ဆိုလျှင် ပေးဂိုး တစ်ဂိုးမျှ မရှိသေးပဲ ရာနှုန်းပြည့် အနိုင် ရရှိထားသည်။ ချဲလ်ဆီး အသင်းမှ တိုက်စစ်မှူး ဒရော့ဘာမှာ အာဆင်နယ် နှင့် နောက်ဆုံး ကစားခဲ့သည့် ပြိုင်ပွဲ အရပ်ရပ် ၉ ပွဲတွင် ၁၀ ဂိုး သွင်းယူ ထားသည်။ နည်းပြ အန်ဆလော့တီ လက်ထက်တွင် ချဲလ်ဆီးမှာ ပရီးမီးယားလိဂ် ၉ ပွဲ အပါအ၀င် နောက်ဆုံး ကစားခဲ့သည့် ၁၂ ပွဲတွင် ရှုံးပွဲ မရှိထားသည့် အသင်း ဖြစ်သည်။ ချဲလ်ဆီးမှာ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည့် နောက်ပိုင်း ၂၃ ပွဲ ဆက်တိုက် အိမ်ကွင်း ရှုံးပွဲမရှိ စံချိန် ရထားသည့် အသင်းဖြစ်သည်။ ယခုရာသီ ချဲလ်ဆီး အသင်းမှာ ၁၁ ပွဲ ဆက်တိုက် ပေးဂိုးမရှိ ရလဒ်ကို ရရှိထားပြီး နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယား ပွဲစဉ်များတွင် ဂိုး ၂၀ သွင်းယူထားပြီး set-pieces မှ ၁၅ ဂိုးသာ ပြန်ပေးထားရသည့် အသင်းဖြစ်သည်။ ချဲလ်ဆီးမှ ကွင်းလယ်လူ မီခေးလ်မှာ မနက်ဖြန် ညတွင် အသင်းအတွက် ပွဲ ၁၀၀ ပြည့် ပါဝင် ကစားမည် ဖြစ်သည်။ အာဆင်နယ် အသင်းမှာ နောက်ဆုံး ကစားခဲ့သည့် ပရီးမီးယား ၁၁ ပွဲတွင် ပထမဆုံး အနေဖြင့် ပြီးခဲ့သည့် အပတ်တွင် မန်ယူကို အိမ်ကွင်း၌ ၁း၃ ဖြင့် ရှုံးနိမ့်ထားခဲ့သည်။ အာဆင်နယ်မှာ ယခု ပရီးမီးယားလိဂ်တွင် ဂိုးပေါင်း ၆၀ အထိ သွင်းယူထားသည့် အသင်းဖြစ် သည်။ အာဆင်နယ်မှ နည်းပြ ၀င်းဂါးမှာ ပွဲ ၃၀၀ ပြည့် ပရီးမီးယားလိဂ် နည်းပြအဖြစ် ခံယူရန်အတွက် ၁ ပွဲ လိုနေသောကြောင့် မနက်ဖြန် ချဲလ်ဆီးနှင့် အဝေးကွင်းပွဲကို အနိုင် ကစားမည်မှာ အမှန်ပင် ဖြစ်သည်။ အာဆင်နယ် အသင်းမှာ ချဲလ်ဆီးကို ပြီးခဲ့သည့် ပထမအကျော့ ပရီးမီးယား အိမ်ကွင်းပွဲစဉ်တွင် ၀း၃ ဖြင့် ရှုံးနိမ့်ထားခဲ့သည်။ မနက်ဖြန် ညပွဲတွင် ချဲလ်ဆီး အသင်း၏ ခံစစ်ကို တယ်ရီမှ ဦးဆောင်မည် ဖြစ်ပြီး နောက်ခံလူ အက်ရှ်လေကိုးမှာ ဒူးဒဏ်ရာမှ ပြန်လည် သက်သာ လာပြီ ဖြစ်၍ အသင်းဟောင်း အာဆင်နယ်နှင့် ပွဲတွင် ပါဝင်မည် ဖြစ်သည်။ ချဲလ်ဆီးမှ ဘယ်လက်တီ၊ ဘောဆင်ဝါ နှင့် အက်ဆီယန် တို့မှာ မနက်ဖြန်ပွဲကို ဒဏ်ရာ ပြဿနာ များကြောင့် လွဲပြီ ဖြစ်သည်။ အာဆင်နယ် အသင်းမှာ ဒီဂျိုရူး၊ ကားလို့စ်ဗီလာ၊ အီကွာဒို၊ ကီရန်ဂစ်ဘ်၊ မာရီဒါ နှင့် ဗန်ပါစီ စသည့် ကစားသမားများမှာ ဒဏ်ရာ ကြောင့် မနက်ဖြန်ပွဲကို လွဲပြီဖြစ်သည်။ ဒဏ်ရာမှ ပြန်လည် သက်သာ လာသည့် ကွင်းလယ်လူ ဒီယာဘီ မှာ မနက်ဖြန်တွင် အာဆင်နယ် အသင်းအတွက် ပြန်ပါဖွယ် ရှိသည်။ ပရီးမီးယား အမှတ်ပေး ဇယားတွင် ချဲလ်ဆီးမှာ ရမှတ် ၅၅ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ရှိနေပြီး အာဆင်နယ် မှာ ရမှတ် ၄၉ မှတ်ဖြင့် အဆင့် ၃ တွင် ရှိနေသည်။ မနက်ဖြန် လန်ဒန် ဒါဘီပွဲမှာ ချဲလ်ဆီးအပြင် အာဆင်နယ်အတွက်ပါ အရေးပါနေပြီး ယနေ့ညတွင် အမှတ်ပေး ဇယားအဆင့် ၂ မှ မန်ယူမှာ ဇယားအောက်ဆုံး အဆင့် ၂၀ မှ ပို့စ်မောက် ကို အိမ်ကွင်းတွင် ကစားရမည် ဖြစ်သောကြောင့် အနည်းငယ် ပွဲချောင်နေသည်မှာ အမှန်ပင် ဖြစ်သည်။ ယခု တစ်ပတ် ပရီးမီးယားလိဂ်၏ Big Match ဒါဘီ ၂ ပွဲစလုံးမှာ မည်သို့သော ရလဒ်များ ထွက်ပေါ်လာမည်ကို ပရိသတ်များ အနေဖြင့် စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမည် ဖြစ်ပြီး ယင်းပွဲများ၏ အဖြေကိုလည်း မကြာမီ အချိန်အတွင်းတွင် သိရတော့ မည် ဖြစ်သည်။ |