ဘာမင်ဂမ် အသင်းမှ ယမန်နေ့က အိမ်ကွင်း ပရီးမီးယား ပွဲစဉ်အဖြစ် ၀ုလ်ဖ် အသင်းနှင့် ကစားခဲ့ရာ ၂း၁ ဖြင့် အနိုင်ရရှိ ခဲ့သည်။ ယင်းပွဲစဉ်တွင် ပထမဆုံး ဂိုးရခဲ့သည်မှာ ၀ုလ်ဖ် အသင်း ဖြစ်ပြီး ယင်းဂိုးကို ပထမပိုင်း ၄၂ မိနစ်တွင် ကီဗင်ဒွိုင်းက သွင်းယူ ခဲ့သည်။ ထိုကြောင့် ဘာမင်ဂမ် အသင်းမှာ နောက်မှ အသည်းအသန် လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်း မိနစ် ၈၀ နှင့် ၈၅ မိနစ်တို့တွင် လူစားဝင်လာခဲ့သည့် တိုက်စစ်မှူး ကီဗင်ဖီးလစ်၏ နှစ်ဂိုးဆက် သွင်းယူမှုကြောင့် ရှုံးနေရာမှ ကံကောင်းစွာ အနိုင်ရခဲ့သည်။ ယမန်နေ့ပွဲ ရလဒ်အရ ဘာမင်ဂမ် အသင်းမှာ ပရီးမီးယား အမှတ်ပေး ဇယားတွင် ရမှတ် ၃၇ မှတ်ဖြင့် အဆင့် (၈) နေရာတွင် ရှိနေသည်။ ယမန်နေ့ပွဲ မတိုင်မီက ဘာမင်ဂမ်အသင်းမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်သွားခဲ့သည့် အသက် ၈၈ နှစ်အရွယ် ဘာမင်ဂမ် ဂိုးသမားနှင့် နည်းပြဟောင်း ဂေမက်ဂီကို ဂုဏ်ပြုသောအားဖြင့် အိမ်ကွင်း ပရိသတ်များက ၁ မိနစ် ငြိမ်သက်စွာ နေခဲ့ကြကြောင်း သိရသည်။ ဂေမက်ဂီမှာ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ဘာမင်ဂမ် အသင်းအတွက် ၁၉၃၉ နှင့် ၁၉၆၀ ကြားကာလများတွင် ပွဲပေါင်း ၅၅၁ ပွဲ ကစားခဲ့ကာ ၁၉၆၃ ခုနှစ်တွင် ကားလင်းဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ |