မန်ယူ အသင်းမှ နည်းပြကြီး ဖာဂူဆန်က မိမိ အနေဖြင့် အင်္ဂလန် လက်ရွေးစင်အသင်း ကပ္ပတိန်အဖြစ် ရွေးချယ် ခံရသည့် ခံစစ်မှူး ဖာဒီနန်အတွက် ဂုဏ်ယူကြောင်း ပြောဆိုလိုက်သည်။ ဖာဒီနန်မှာ ပြီးခဲ့သည့် ရက်အနည်းငယ်က ကိုယ်ရေးကိုယ်တာ နာမည်ပျက် ကိစ္စများနှင့် ကြုံတွေ့ခဲ့ရသူ လက်ရွေးစင် အသင်းဖော် တယ်ရီထံမှ အင်္ဂလန် လက်ရွေးစင် ကပ္ပတိန်ရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဂျွန်တယ်ရီမှာ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် အိမ်ထောင်ရေး ဖောက်ပြန်မှု ကိစ္စများကြောင့် နည်းပြ ကာပယ်လို၏ အင်္ဂလန် လက်ရွေးစင် ကပ္ပတိန် ရာထူးကို လက်လွှတ်ခဲ့ရသူ ဖြစ်သည်။ ဖာဂူဆန်က " ဖာဒီနန် အင်္ဂလန် ကပ္ပတိန် ဖြစ်သွားတာဟာ မန်ယူ အသင်းအတွက် အများကြီး ဂုဏ်တက်စေပါတယ်။ သူ့လိုပဲ အရင်တုန်းက ဆိုရင် ဂယ်ရီ၊ ဘော်ဘီချာတန် နဲ့ ဘရိုင်ယန် ရော့ဘ်ဆင် တို့ဟာလည်း အင်္ဂလန် ကပ္ပတိန် ရာထူးကို ထမ်းရွက်ခဲ့ကြဖူးလို့ ကျွန်တော်တို့ အတွက် သိပ်ကို ခမ်းနား သွားပါပြီ " ဟု ပြောဆိုခဲ့သည်။ မန်ယူမှ ခံစစ်မှူး ဖြစ်သူ ဖာဒီနန်မှာ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် အင်္ဂလန် အသင်း၏ ဒုတိယ ကပ္ပတိန် ဖြစ်ခဲ့သူ ဖြစ်သည်။ ဖာဒီနန်မှာ လက်ရွေးစင် အသင်းအတွက် ၇၆ ပွဲကစား ထားသူ ဖြစ်ပြီး ၃ ဂိုး သွင်းယူထားသည့် နောက်ခံလူ ဖြစ်သည်။ |