အင်တာ အသင်းမှ နည်းပြ မော်ရင်ဟိုမှာ အီတလီ စီးရီးအေ ဘောလုံး လောကတွင် ပျော်နေပြီး မကြာမီ အသင်းနှင့် စာချုပ်သစ်များပင် ချုပ်ဆိုဖွယ် ရှိသည်ဟု မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အဆိုပါ ပေါ်တူဂီသားမှာ လီဗာပူး၊ ဂျူဗင်တပ် အသင်းများနှင့် နာမည် ထွက်နေသည်။ မော်ရင်ဟိုမှာ အင်တာ အသင်းကို ပြီးခဲ့သည့် ရာသီက စီးရီးအေ ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်သည်။ အင်တာဗျူး တစ်ခုတွင် အဆိုပါ ပေါ်တူဂီသားနည်းပြက " ကျွန်တော် အင်တာမှာ အလုပ်လုပ်ရတာ ကို ၀မ်းသာပါတယ်။ အရမ်းကို ပျော်ရွှင်မိပါတယ်။ အသင်းနှင့် ကျွန်တော်တို့ဟာ လာမယ့် ၂၀၁၂ ခုနှစ် အထိ စာချုပ် ကျန်နေပါသေးတယ်။ အီတလီ စီးရီးအေ ဘောလုံးလောကမှာ ကျင်လည်ရတာဟာ ကျွန်တော့်အတွက်တော့ အတွေ့အကြုံ အသစ်အဆန်း တစ်ခုပါပဲ " ဟု ပြောဆိုခဲ့သည်။ အင်တာအသင်းမှာ ယမန်နေ့က ကတ်ဂလီယာရီ နှင့် အိမ်ကွင်း စီးရီးအေ ပွဲတွင် ၃းဝ ဖြင့် အနိုင်ရရှိခဲ့သည်။
|