စပါး အသင်းမှ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့လာသူ ဆဲလ်တစ် အသင်း တိုက်စစ်မှူး ရော်ဘီကိန်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင် ကစားခဲ့သော ဒွန်ဖမ်လင်းနှင့် စကော့တလန် ဖလား ပဉ္စမအဆင့် ပြိုင်ပွဲတွင် ဆဲလ်တစ် အသင်းအတွက် ၎င်း၏ ပထမဦးဆုံး ဂိုးသွင်းယူနိုင်ခဲ့သည်။ တိုက်စစ်မှူး ရော်ဘီကိန်းသည် ဒုတိယပိုင်းတွင် စပိန် ကစားသမား ခရိုဆတ်နေရာတွင် အစားထိုးဝင်ရောက် ကစားခဲ့ပြီး ပွဲချိန် ၆၈ မိနစ်တွင် ဆဲလ်တစ် အသင်း၏ စတုတ္တမြောက်နှင့် အနိုင်ဂိုးကို ပယ်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့သည်။ အဝေးကွင်းတွင် သွားရောက် ကစားခဲ့ရသည့် ဆဲလ်တစ် အသင်းသည် ပထမပိုင်း ပွဲကစားချိန် ၁၉ မိနစ်တွင် တိုက်စစ်မှူး ကာမာရာ၏ သွင်းဂိုးဖြင့် ဦးဆောင်နေခဲ့သော်လည်း ပွဲချိန် ၂၁ မိနစ်နှင့် ၂၈ မိနစ်တို့တွင် အိမ်ရှင်တို့က ချေပဂိုးနှင့် အနိုင်ဂိုး တစ်ဂိုး သွင်းယူခဲ့သည်။ သို့သော် ဧည်သည့် ဆဲလ်တစ်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၄၃ မိနစ်တွင် ဒွန်ကန်က သွင်းယူပေးခဲ့သည့်အတွက် ပထမပိုင်းပြီးချိန်တွင် ၂ ဂိုးစီ သရေကျခဲ့သည်။ ဆဲလ်တစ် အသင်းအား နိုင်ပွဲ ဖြစ်စေမည့် ဂိုးကို အိမ်ရှင် နောက်တန်းကစားသမား ၀ုဒ်စ်က ကိုယ့်ဂိုး ကိုယ်သွင်းယူမိခဲ့ပြီး ဧည်သည့် အသင်းကို ဦးဆောင်စေခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်တွင် အိမ်ရှင် နောက်ခံလူ အော်စတင်မက်ကန်က ရော်ဘီကိန်းအား ပင်နယ်တီ ဧရိယာထဲတွင် ဆွဲလှဲခဲ့သောကြောင့် ပင်နယ်တီ ပြစ်ဒဏ်ဘော ရရှိခဲ့သည်။ ယင်းပြစ်ဒဏ်ဘောကို ရော်ဘီကိန်းက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သဖြင့် ဆဲလ်တစ် အသင်းက အိမ်ရှင် ဒွန်ဖမ်လင်းအသင်းကို ၄း၂ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ |