ယူရို ၂၀၁၂ ပူးတွဲ အိမ်ရှင် ယူကရိန်း နိုင်ငံ အနေဖြင့် လက်ရှိ ရင်ဆိုင်နေရသည့် နိုင်ငံရေး အကျပ်အတည်းများကို အကောင်းဆုံး ဖြေရှင်း ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိကြောင်း UEFA ဥက္ကဌ မီချယ်ပလာတီနီ က ပြီးခဲ့သည့် စနေနေ့က ပြောကြားခဲ့သည်။ " ယူကရိန်းဟာ နိုင်ငံရေးနဲ့ ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ခုတော့ သူတို့ နိုင်ငံမှာ ရွေးကောက်ပွဲ ပြုလုပ်နေပါတယ်။ အကောင်းဆုံး ပုဂ္ဂိုလ်သာ အနိုင်ရပါစေလို့ ဆုတောင်းပါတယ်။ ဒါမှလည်း လက်ရှိ နိုင်ငံရေး အခြေအနေကို ဖြေရှင်းနိုင်မှာပါ " ဟု ပလာတီနီက ပြောကြားခဲ့သည်။ လက်ရှိ ၀န်ကြီးချုပ် တိုင်မိုရှန်ကို နှင့် အတိုက်အခံ ခေါင်းဆောင် ရာနူကိုဗစ်ခ်ျ တို့သည် ယူကရိန်း နိုင်ငံ၏ ၄ ဦးမြောက် သမ္မတ နေရာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည်။ ကွန်မြူနစ် နိုင်ငံဟောင်း ဖြစ်သည့် ယူကရိန်း နိုင်ငံသည် ယူရို ၂၀၁၂ ပြိုင်ပွဲအတွက် ကွင်းသစ်များ တည်ဆောက်ရေးနှင့် အခြားသော အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး လုပ်ငန်းများအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ သို့သော် UEFA သည် ပူးတွဲ အိမ်ရှင်ဖြစ်သည့် ပိုလန်၏ တည်ငြိမ်သော နိုင်ငံရေး အခြေအနေကို ကျေနပ်မိကြောင်း ပြောဆိုထားသည်။ ပိုလန် နိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် EU အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။ " ပိုလန်နဲ့ ယူကရိန်းတို့ဟာ ယူရို ၂၀၁၂ ပြိုင်ပွဲကြီးကို ခမ်းခမ်းနားနားနဲ့ လက်ခံ ကျင်းပသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပြိုင်ပွဲ ကျင်းပဖို့က အချိန်အားဖြင့် ၂ နှစ်လောက် လိုပါသေးတယ် " ဟု ပလာတီနီက ပြောကြားခဲ့သည်။ |