မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆာအဲလက် ဖာဂူဆန်သည် စီးပွားရေး အုပ်စု တစ်ခုဖြစ်သည့် Red Knights ၏ မန်ယူ အသင်းကို လွဲပြောင်း ရယူရေး ကြိုးပမ်းချက်အား ထောက်ခံ နေသည် ဆိုသည်ကို ငြင်းဆို လိုက်သည်။ သတင်းများအရ ဖာဂူဆန်သည် Red Knights အဖွဲ့အနေဖြင့် မန်ယူအသင်းကို လွဲပြောင်းရယူနိုင်ပါက ၎င်း၏ ကိုယ်ပိုင် ငွေကြေးများကို အသင်းတွင် ရင်းနှီးမြှုပ်နှံ မည်ဟု ပြောဆို ထားကြောင်း သိရသည်။ သို့သော် ဖာဂူဆန်က "ဒီသတင်းတွေက လုံးဝမှန်ကန်မှု မရှိပါဘူး" ဟု ငြင်းဆိုထားသည်။ တနင်္ဂနွေနေ့က Red Knights အဖွဲ့ဝင် တစ်ဦးမှ ပြောကြားရာတွင် "ကျွန်တော်တို့ အနေနဲ့ ဖာဂူဆန်နဲ့ လုံးဝ ဆက်သွယ်ခြင်း မရှိခဲ့ပါဘူး" ဟု ဆိုသည်။ "အသင်းပိုင်ရှင် ဂလေဇာ မိသားစုနဲ့ ဖာဂူဆန်တို့ရဲ့ တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှုဟာ ရာနှုန်းပြည့် ရှိနေပါတယ်" ဟု မန်ယူ အသင်းမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး ပြောဆိုခဲ့သည်။ ရင်းနှီးမြှုပ်နှံသူ ၆၀ ခန့်သည် မန်ယူအသင်းကို ၀ယ်ယူရန် ပေါင် ၁.၅ ဘီလီယံ ဂတိပြုထားသည်ဟု သတင်းများ ထွက်ပေါ် နေသော်လည်း Red Knights ကမူ အဆိုပါ ကိန်းဂဏန်းများသည် ယုတ္တိတန်မှု မရှိကြောင်း ပြောကြားထားသည်။ မန်ယူ အသင်းကို ပေါင်သန်း ၈၀၀ ဖြင့် ၀ယ်ယူခဲ့သော ဂလေဇာ မိသားစုက အသင်းကို ရောင်းချမည် မဟုတ်ကြောင်း ပြောဆို ထားသည်။ |