ထိုင်းဘောလုံး အဖွဲ့ချုပ် (FAT) သည် အက်ဖ်အေ ဖလား လက်ရှိ ချန်ပီယံ ထိုင်းဆိပ်ကမ်း အသင်းအပေါ် ဘတ်ငွေ ၁၃၁၇၅၀ (ဒေါ်လာ ၄၁၀၀) ဒဏ်ငွေချမှတ်လိုက်ပြီး အိမ်ကွင်း ဖြစ်သည့် PAT ကွင်းတွင် သုံးပွဲ ကစားခွင့် ပိတ်ပင် လိုက်သည်ဟု သိရသည်။ ပြီးခဲ့သည့် လအတွင်းက ဘုရင့်ဖလား ပြိုင်ပွဲတွင် ထိုင်းဆိပ်ကမ်း အသင်း ပရိသတ်များနှင့် မြောင်ထောင် ယူနိုက်တက် အသင်း ပရိသတ်များ အကြား ခိုက်ရန် ဖြစ်ပွားခဲ့သည့်အတွက် ထိုင်း ဘောလုံး အဖွဲ့ချုပ် (FAT) က ယခုကဲ့သို့ ထိုင်းဆိပ်ကမ်း အသင်း အပေါ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပွဲစဉ်၌ မြောင်ထောင်အသင်းသည် ထိုင်း ဆိပ်ကမ်းအသင်းကို ၂းဝ ဂိုး ဖြင့် ပွဲကို ဦးဆောင်နေစဉ်အတွင်း ထိုင်းဆိပ်ကမ်း အသင်း ပရိသတ်များက မြောင်ထောင် ပရိသတ်များကို ရန်ပြု တိုက်ခိုက်ခဲ့သည့် အတွက် ပရိသတ် ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။ "ဒီပြစ်ဒဏ်တွေ အပြင် ပရိသတ် (၁၀) ဦးကို ဘောလုံးပွဲကြည့်ရှုခွင့် တစ်နှစ် ပိတ်ပင်လိုက်ပါတယ်။ သူတို့က ပွဲကို အဓိကရုဏ်း ဖြစ်အောင် စတင် လုပ်ဆောင် ခဲ့တဲ့သူ တွေပါ" ဟု FAT ဒုတိယ ဥက္ကဋ္ဌ ရဲဒုတိယ ဗိုလ်ချုပ်ကြီး ဗိုရာပွန်က ပြောဆို ခဲ့သည်။ ထို့အပြင် ပရိသတ်များကို သွေးထိုး လှုံ့ဆော်ခဲ့သည့် ထိုင်းဆိပ်ကမ်းအသင်းနောက်ခံလူ ပွန်ပီပတ်အား သုံးပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ပြီး ထိုင်းဆိပ် ကမ်းနည်းပြ ဆာဆွန်နှင့် မြောင်ထောင် နည်းပြ ရေနီဒက်စ် ဆေရာရီတို့အား ပွဲကြီးကြပ်ခွင့် သုံးပွဲ ပိတ်ပင် လိုက်သည်။ |