ဘိုင်ယန် အသင်းမှ နည်းပြဖြစ်သူ ဗန်ဂေါလ်က မိမိတို့ အနေဖြင့် ယနေ့ည ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ အဝေးကွင်း ပွဲစဉ်တွင် ဖီအိုရင်တီးနား အသင်းကို သတိထားရန် လိုအပ်ကြောင်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ပထမ အကျော့ အိမ်ကွင်းတွင် ကစားစဉ်က ၂း၁ ဖြင့် ဘိုင်ယန် အသင်းမှာ ဖီအိုရင်တီးနားကို အနိုင်ရထားသည်။ နည်းပြ ဗန်ဂေါလ်က " ကျွန်တော့်ရဲ့ နည်းပြ သက်တမ်း တလျှောက်မှာ ခက်ခဲတဲ့ အသင်းကြီးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ ဒီနေ့ညမှာလည်း ဖီအိုရင်တီးနားကို ကျွန်တော်တို့ အနိုင် ကစားမှာပါ။ ဒါပေမယ့် ဖီအိုရင်တီးနားဟာ သူတို့ ကစားနေကျ စီးရီးအေ ကစားပုံမျိုးနဲ့ ပွဲထွက်လာမှာ မဟုတ်တဲ့ အတွက် သတိထားဖို့ လိုပါတယ်။ ပထမအကျော့မှာ သူတို့ဟာ အဝေးဂိုး ၁ ဂိုး ရထားပါတယ်။ အဲဒီ အချက်က ဒီနေ့ည သူတို့ကွင်းမှာ ရင်ဆိုင်ရမယ့် ကျွန်တော်တို့ကို တစ်နည်းနည်းနဲ့ အခက်တွေ့ လာနိုင်ပါတယ်။ အီတလီ ကလပ် အသင်းတွေဟာ သူတို့မြေရောက်မှ ကစားပုံ ပိုကောင်းလာတတ်တယ်လို့ ကျွန်တော် ကြားဖူးပါတယ်။ ဖီအိုရင်တီးနားကို အတတ်နိုင်ဆုံး ဒီနေ့ည အဝေးကွင်းမှာ တိုက်စစ် ဖွင့်ပြီး ကစားသွားမှာပါ " ဟု ပြောဆိုလိုက်သည်။ ဘိုင်ယန် အသင်းမှာ နောက်ဆုံး ကစားခဲ့သည့် ပြိုင်ပွဲ အရပ်ရပ် ၁၈ ပွဲတွင် ရာနှုန်းပြည့် နိုင်ပွဲ ရထားပြီး အီတလီမြေတွင် ကစားခဲ့သည့် ယခုရာသီ နောက်ဆုံး ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွင် ဂျူဗင်တပ် အသင်းကို ၄ ဂိုး သွင်းယူခဲ့သည့် အသင်းဖြစ်သည်။ ဖီအိုရင်တီးနား နည်းပြ ပရန်ဒယ်လီက မိမိအတွက် ယနေ့ည အိမ်ကွင်းမှာ အသက်တမျှ အရေးပါကြောင်း၊ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ ရောက်အောင် မိမိတို့ ကြိုးစားမည် ဖြစ်ကြောင်း ပထမအကျော့ မှာကဲ့သို့ အငြင်းပွားဖွယ် အဖြစ်အပျက်မျိုးနှင့် ထပ်၍ မဆုံလိုတော့ကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်။ |