အာဆင်နယ် ကပ္ပတိန်ဖြစ်သူ ဖာဘရီဂတ်စ်မှာ တံကောက်ကြော ဒဏ်ရာကြောင့် ယနေ့ည ပေါ်တို အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ အိမ်ကွင်းပွဲကို လွဲပြီဖြစ်သည်။ အဆိုပါ စပိန်သားမှာ ပြီးခဲ့သည့် ဘန်လေ အသင်းနှင့် အိမ်ကွင်း ပရီးမီးယား ပွဲတွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး ပွဲကစားချိန် ပထမပိုင်း ၃၉ မိနစ်တွင် ယင်းဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ နည်းပြ ဖြစ်သူ ၀င်းဂါးက " ဖာဘရီဂတ်စ်ဟာ ဒီနေ့ည ချန်ပီယံလိဂ်ပွဲမှာတော့ မကစားနိုင်တော့ပါဘူး။ သူ့ရဲ့ ဒဏ်ရာ အခြေအနေဟာ သိပ်ကို ပြင်းထန် ပါတယ်။ ကျွန်တော့် အမြင်တော့ သူဟာ ဟောလ်စီးတီးနဲ့ ပရီးမီးယား ပွဲလောက် ဆိုရင်တော့ ပြန်ပါနိုင်မယ် ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ ဖာဘရီဂတ်စ်ကို ဒဏ်ရာ ရမယ်လို့ လုံးဝကို မမျှော်လင့်ထား ခဲ့တာပါ။ ဒါပေမယ့် အခုလို ဖြစ်လာတော့လည်း ဘယ်တတ် နိုင်မှာလဲဗျာ။ အသင်း အနေနဲ့ သူမပါဝင်နိုင်တဲ့ အချိန်တွေမှာ အကောင်းဆုံး ပါဝင် ကစားနိုင်မယ် ထင်ပါတယ် " ဟု ပြောဆိုခဲ့သည်။ အာဆင်နယ် အသင်း အနေဖြင့် ယနေ့ည ပေါ်တိုနှင့် အိမ်ကွင်း ချန်ပီယံလိဂ်ပွဲတွင် အသင်းမှ ဂိုးသမားဖြစ်သူ အယ်မူးနီးယား အား ကပ္ပတိန်အဖြစ် ကစားစေမည် ဖြစ်သည်။ ပြီးခဲ့သည့် ပထမအကျော့ ချန်ပီယံလိဂ် ရှုံးထွက် အဝေးကွင်းပွဲတွင် ပေါ်တိုကို အာဆင်နယ်မှာ ၂း၁ ဖြင့် ရှုံးနိမ့်ထားခဲ့သည်။ |