ယခု နှစ်ရာသီ၏ ချန်ပီယံရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်များမှာ ယနေ့မှစ၍ ပြန်လည် ကျင်းပတော့မည် ဖြစ်သည်။ ပြီးခဲ့သည့် ပထမ အကျော့ပွဲစဉ် များတွင် အသာရခဲ့သည် အသင်းများအနေဖြင့် ယခု ဒုတိယအကျော့တွင် ဖိအား ကင်းကင်းနှင့် ကစားနိုင်မည်ဖြစ်ပြီး အခြေအနေ သိပ်မကောင်းခဲ့သည့် အသင်းများမှာမူ နောက်တစ်ဆင့်တက်ရန်အတွက် ရုန်းကန်ကြရတော့မည်ဖြစ်သည်။ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်များမှ ပထမနေ့အဖြစ် ယနေ့ညတွင် အာဆင်နယ်-ပေါ်တို၊ ဖီအိုရင်တီးနား-ဘိုင်ယန်ပွဲများ ကစားကြမည်ဖြစ်သည်။
အာဆင်နယ် - ပေါ်တို
ယနေ့ည၏ ပထမဆုံး ပွဲစဉ်ဖြစ်ပါသည်။ ယင်းပွဲနှင့် ပတ်သက်သမျှ သတင်းများကိုတင် ပြရမည်ဆိုလျှင် အာဆင်နယ်မှ ကွင်းလယ်လူဖာဘရီဂတ်စ်မှာ ပြီးခဲ့သည့် ဘန်လေ အသင်းနှင့် အိမ်ကွင်း ပရီးမီးယားပွဲမှ ရခဲ့သည့် ဒဏ်ရာကြောင့် ယနေ့ညပွဲကို လွဲပြီဖြစ်သည်။ ကွင်းလယ်လူ နာဆရီမှာ ယနေ့ညပွဲတွင် အာဆင်နယ် အသင်းအတွက် ပြန်လည် ပါဝင်ဖွယ်ရှိသည်။ ခံစစ်မှူး ဂါးလက်စ်မှာ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ယနေ့ညပွဲကို လွဲပြီဖြစ်ကာ ယင်းနောက်ခံလူ၏ နေရာတွင် ဆိုးလ်ကမ်းဘဲလ် ၀င်ကစားမည်ဖြစ်သည်။ ပေါ်တိုအသင်းမှာ အဝေးကွင်းတွင် အာဆင်နယ်အသင်းနှင့် နောက်ဆုံး တွေ့ဆုံခဲ့သည့် ၆ ကြိမ် စလုံးတွင် တစ်ကြိမ်မျှ အနိုင်မရသည့် အပြင် သွင်းဂိုး ၁ ဂိုးသာ ရှိထားသည်။ ပြီးခဲ့သည့် ပထမအကျော့တွင် ပေါ်တိုမှာ အာဆင်နယ်ကို ၂း၁ ဖြင့် အနိုင်ရထားသည်။ ယနေ့ည ပွဲတွင် ကစားရန် အသင့်ရှိနေသည့် အာဆင်နယ် အသင်း၏ ကစားသမားများမှာ "အယ်လ်မူးနီးယား၊ ကလစ်ခ်ျ၊ ဗာမေလန်၊ ဆိုးလ်ကမ်းဘဲလ်၊ အီဘိုယေး၊ ဒီနယ်လ်ဆင်၊ နာဆရီ၊ အလက်ဇန္ဒားဆောင်း၊ ၀ါးလ်ကော့၊ အာရှာဗင်၊ ဘန်တနာ၊ ဖေဘီယန်စကီး၊ ဆက်ဂ်နာ၊ ဒီယာဘီ၊ အီကွာဒို၊ ထရာအိုရေး၊ အီစမွန်၊ ဆီဗက်စတာ၊ ကားလို့စ်ဗီလာတို့ ဖြစ်ကြသည်။
အာဆင်နယ်နှင့် ပေါ်တိုအသင်းမှာ ယနေ့ညတွင် အောက်ဖော်ပြပါ ကစားကွက်ဖြင့် ပွဲထွက်လာဖွယ်ရှိသည်။

ဖီအိုရင်တီးနား - ဘိုင်ယန်
ဒုတိယပွဲစဉ်ဖြစ်သည့် အီတလီမှ ဖီအိုရင်တီးနားနှင့် ဂျာမနီမှ ဘိုင်ယန်အသင်းတို့ ပွဲနှင့် ပတ်သက်သည့် အကြောင်း တင်ပြလိုပါသည်။ ယနေ့ညတွင် ပြီးခဲ့သည့် ကိုလုံးနှင့် အဝေးကွင်း ဘွန်ဒစ်လီဂါ ပွဲတွင် ပွဲထွက် မပါဝင်ခဲ့သည့် ဘိုင်ယန်မှ ရော်ဘင်နှင့် ရီဘာရီတို့ ပြန်ကစားဖွယ် ရှိသည်။ နောက်ခံလူ ဒီမစ်ချယ်လီမှာ ဒဏ်ရာကြောင့် ၃ လ နားရမည်ဖြစ်၍ ယနေ့ညပွဲတွင် ဘိုင်ယန် အသင်းအတွက် မပါဝင်နိုင်တော့ပေ။ ဖီအိုရင်တီးနားအသင်းမှာ ယနေ့ညတွင် အဓိက တိုက်စစ်မှူး မူတူးအပြင် နောက်ခံလူ ဂေါ့ဘီတို့ မပါဝင်ပဲ ပွဲထွက်ရမည်ဖြစ်သည်။
စီးရီးအေ နောက်ဆုံး ၉ ပွဲတွင် ၁ ပွဲသာ အနိုင်ရမှု ကြောင့် ဖီအိုရင်တီးနားမှာ အဆင့် ၁၀သို့ ကျဆင်းသွားခဲ့သည်။ ဘိုင်ယန်အသင်းမှာ နောက်ဆုံး ကစားခဲ့သည့် ဘွန်ဒစ်လီဂါ ၁၈ ပွဲစလုံးတွင် ရှုံးပွဲ လုံးဝမရှိထားပေ။ သို့သော် ကိုလုံးနှင့် ပွဲတွင် နောက်ခံလူ ကွန်တန်တို ဒဏ်ရာရသွား၍ ဘိုင်ယန်အသင်းမှာ ယနေ့ညပွဲ ခံစစ်အတွက် ဒုက္ခတွေ့ဖွယ်ရှိသည်။ ဘိုင်ယန် နည်းပြ ဗန်ဂေါအနေဖြင့် ယနေ့ည ပွဲတွင် လူငယ်ကစားသမား အသက် ၁၇ နှစ် အရွယ်ရှိ ကွင်းလယ်လူ ဒေးဗစ်အလာဗာကို စတင် ထည့်သွင်းအသုံးပြုမည်ဖြစ်သည်။ ဘိုင်ယန်မှာ ပြီးခဲ့သည့် ပထမအကျော့ အိမ်ကွင်းတွင် ဖီအိုရင်တီးနားကို ၂း၁ ဖြင့် အနိုင်ရထားသည်။