တရုတ်စက်ရုံ တစ်ရုံသည် အလုပ်သမားများကို မ၀ရေစာ ပေး၍ စေခိုင်းမှုကြောင့် စုံစမ်း စစ်ဆေးမှုများ ခံခဲ့ရကာ ၂၀၁၀ ကမ္ဘာ့ဖလား လာဘ်ကောင် အရုပ်လေးများ ထုတ်လုပ်မှုကို ရပ်ဆိုင်းထားလိုက်သည်။ အဆိုပါ စက်ရုံမှ ထုတ်လုပ်သည့် ပစ္စည်းများသည် စံချိန်၊ စံညွှန်းပြည့်မီခြင်း မရှိဟု စက်ရုံ၏ စာရင်းစစ်မှ ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် Global Brands Group သည် အဆိုပါ စက်ရုံ၏ ပစ္စည်း ထုတ်လုပ်ခွင့် ရုပ်သိမ်း ထားခဲ့သည်။ Global Brands Group သည် ၂၀၁၀ ကမ္ဘာ့ဖလား ကုန်ပစ္စည်းများ အားလုံး အတွက် မူရင်း လိုင်စင်ရထားသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်သည်။ အဆိုပါ စက်ရုံအား ၂၀၁၀ ကမ္ဘာ့ဖလား လာဘ်ကောင်အရုပ် ကလေးများ ထုတ်လုပ်ခွင့်ကို ယာယီအားဖြင့် ရပ်ဆိုင်းထား လိုက်ပြီး ပစ္စည်းများကို စံချိန်၊ စံညွှန်းများနှင့်အညီ ထုတ်လုပ် လာနိုင်စေရေး အတွက် အခွင့်အလမ်းများ ပေးထားသည်။ ယင်းစက်ရုံသည် ဆယ်ကျော်သက်ရွယ် အလုပ်သမားလေးများကို ခန့်ထားကာ ၁ ရက်လျှင် လုပ်ခ ၃ ဒေါ်လာသာ ပေးပြီး၊ အလုပ်ချိန် ၁၃ နာရီ အထိ သတ်မှတ်ထားသည် ဟူသော သတင်းများ ထွက်ပေါ် ပြီးနောက် Global Brands Group သည် အဆိုပါ စက်ရုံအား စုံစမ်းစစ်ဆေးမှု များပြုလုပ်ခဲ့သည်။ တောင်အာဖရိက နိုင်ငံ၏ အကြီးဆုံး အလုပ်သမား အဖွဲ့ချုပ် တစ်ခုဖြစ်သည့် Cosatu သည် အထက်ပါ သတင်းအပေါ် အလွန်အမင်း ဒေါသထွက်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ရောင်းကုန်ပစ္စည်းများကို ပြည်တွင်းလုပ်ငန်းရှင်းများကသာ ထုတ်လုပ်သင့်သည်ဟု တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ Shanghai Fashion Plastic Products စက်ရုံသည် တောင်အာဖရိက ကုမ္ပဏီတစ်ခုနှင့် ကန်ထရိုက် စာချုပ် ချုပ်ဆိုထားခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီကို တောင်အာဖရိက၏ လက်ရှိ အာဏာရပါတီ African National Congress မှ ပါလီမန် အမတ်တစ်ဦးက ပိုင်ဆိုင်သည်ဟု သိရသည်။ |