မြန်မာ့လက်ရွေးစင် ဘောလုံး အသင်း၏ လက်ထောက် နည်းပြ ဖြစ်သော ဦးတင်မြင့်အောင်သည် ကျန်းမာရေး အခြေအနေ ကြောင့် AFC Challenge Cup ပြိုင်ပွဲဝင်မည့် မြန်မာ ဘောလုံး အသင်းနှင့် လေ့ကျင့်မည် မဟုတ်ပဲ ၎င်းနေရာအား ရန်ကုန် ယူနိုက်တက် အသင်း၏ လက်ထောက် နည်းပြ ဦးမျိုးလှိုင်ဝင်းဖြင့် အစားထိုး သွားမည် ဖြစ်သည်။ ဦးတင်မြင့်အောင်သည် မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းတွင် နည်းပြချုပ်အဖြစ် အချိန်ကာလ တစ်ခုအထိ တာဝန်ယူ ခဲ့ဖူးပြီး ပြီးခဲ့သော ဆီးဂိမ်း ပြိုင်ပွဲတွင် ခရိုအေးရှား လူမျိုး နည်းပြချုပ် Mr. Drago ၏ လက်ထောက်နည်းပြ အဖြစ် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းတွင် ပါဝင်ကာ မြန်မာ့ ဘောလုံး လောကအတွက် ကြိုးစား ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ လက်ရှိတွင် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် Delta Utd အသင်းတွင် အုပ်ချုပ်သူအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ လက်ထောက် နည်းပြ အသစ် ဖြစ်လာမည့် ဦးမျိုးလှိုင်ဝင်းသည် ရန်ကုန် ယူနိုက်တက် အသင်း၏ နည်းပြဖြစ်ပြီး အသင်းနှင့်အတူ MNL ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းမှာ ပရိသတ်များ မျှော်မှန်းသလောက် အောင်မြင်နိုင်စေရန် ရည်ရွယ်ကာ ကြိုတင်ပြင်ဆင်မှု အနေဖြင့် ပဏာမ ကစားသမား ၃၇ ဦး ရွေးချယ်ထားပြီး ဇန်န၀ါရီလ ၁၉ ရက်နေ့မှ စတင် စခန်းသွင်း လေ့ကျင့်နေပြီ ဖြစ်သည်။ |