မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပခဲ့သော MNL Grand Royal 2009 ပြိုင်ပွဲကြီးမှာ အောင်မြင်စွာ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ အသင်း ချန်ပီယံ ဖြစ်ခဲ့ပြီး၊ ဧရာဝတီတိုင်း ကိုယ်စားပြု Delta Utd ဘောလုံး အသင်းက ဒုတိယ၊ ရှမ်းပြည်နယ် ကိုယ်စားပြု KBZ အသင်းက တတိယနှင့် ရန်ကုန်တိုင်း ကိုယ်စားပြု ရန်ကုန်ယူနိုက်တက် အသင်းက စတုတ္ထအသီးသီး ရပ်တည် နိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲ၏ ဆုပေးပွဲ အခမ်းအနားအား ဇန်န၀ါရီလ ၁၉ ရက်နေ့ညနေ ၆း၃၀ အချိန်တွင် ရန်ကုန်မြို့ Sedona Hotel Ball Room တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ၁။ အသန့်ရှင်းဆုံး အသင်း ၂။ အကောင်းဆုံး လူငယ် ကစားသမား ၃။ ဂိုးသွင်းအများဆုံး ကစားသမား ၄။ အကောင်းဆုံး ကစားသမား ၅။ MNL Reserve Team Competition ပထမ၊ ဒုတိယ၊ တတိယ ၆။ MNL ချန်ပီယံဆုနှင့် ဒုတိယ၊ တတိယ ဆုများ ၇။ အကောင်းဆုံး ကွင်းလယ် ဒိုင်လူကြီးဆု ၈။ အကူ ဒိုင်လူကြီးဆု ၉။ အကောင်းဆုံး စည်းကြပ်ဒိုင်နှင့် အတိုးတက်ဆုံး လူငယ် ဒိုင်ဆု စသည့် ဆုများ ပေးအပ် ချီးမြှင့်ခဲ့သည်။ ယင်း အခမ်းအနားသို့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးတေဇ၊ ဦးအောင်ကိုဝင်း၊ ဥက္ကဌ ဦးဇော်ဇော် နှင့် အသင်း ၈ သင်းမှ အသင်း ဥက္ကဌများ၊ ဘောလုံးသမားများ၊ သတင်း မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။ အမှတ်ပေး ချန်ပီယံဖြစ်ခဲ့သော ရတနာပုံ FC အသင်းက ဆုငွေ သိန်း ၅၀၀၊ ဒုတိယရရှိခဲ့သော Delta Utd FC အသင်းက ဆုငွေ သိန်း ၃၀၀၊ တတိယရရှိခဲ့သော ကမ္ဘောဇFC အသင်းက ဆုငွေ သိန်း ၂၀၀ ရရှိခဲ့ပြီး၊ အရန်အသင်းပြိုင်ပွဲများတွင် ပထမဆုကို (Yangon United)၊ ဒုတိယဆုကို (Zeyar Shwe Myay FC)၊ တတိယဆုကို (Magway FC)တို့က ရရှိခဲ့သည်။ အကောင်းဆုံး ကစားသမားဆုကို ရတနာပုံ အသင်း တိုက်စစ်မှူး ရန်ပိုင်က ရရှိခဲ့ပြီး ဆုကြေးငွေမှာ သိန်း ၂၀ဖြစ်သည်။၊ ဒုတိယဆု ၁၀ သိန်းကို (ရန်ကုန်မှ မျိုးမင်းထွန်း)၊ တတိယဆု ၁၀ သိန်းကို (KBZမှ မိုးဝင်း)တို့က ရရှိခဲ့ပြီး MNL ဂိုးသွင်း အများဆုံး ဆုအား KBZမှ စိုးမင်းဦးက ရရှိကာ ဆုကြေးငွေမှာ သိန်း ၂၀ ဖြစ်သည်။ အသန့်ရှင်းဆုံး အသင်းဆုကို (Southern Myanmar FC)၊ အကောင်းဆုံး လူငယ် ကစားသမားဆုကို (ရန်ကုန်မှ ရွှေလှိုင်ဝင်း)၊ အကောင်းဆုံး ကွင်းလယ်ဒိုင်ဆုကို (ဦးဝင်းချို)၊ အကောင်းဆုံး အကူဒိုင်ဆုကို (ဦးမျိုးမင်း)နှင့် အတိုးတက်ဆုံး လူငယ်ဒိုင်ဆုကို (ဦးတင်ထွဋ်)တို့က ရရှိခဲ့သည်။ MFF၏ အထူးဆုကို မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော် နှင့် အမှုဆောင် အဖွဲ့ချုပ်မှ ဒေါ်မြတ်မြတ်ဦးတို့အား ချီးမြှင့်ခဲ့ပြီး၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အား MNL ဂုဏ်ပြုဆု ၁၀ သိန်း၊ Fair Play အလံကိုင် အဖွဲ့အား MNL ဂုဏ်ပြုဆု ၅ သိန်း ချီးမြှင့်ခဲ့သည်။ ညစာစားပွဲကို ဆက်လက်ကျင်းပရာ အနုပညာရှင်များနှင့် Dancer အဖွဲ့များက အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ |