AFC Challenge Cup ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းနှင့် တောင်ကိုရီးယားနိုင်ငံမှ အူလ်ဆန် တက္ကသိုလ် အသင်းတို့၏ ချစ်ကြည်ရေး ခြေစမ်းပွဲ ပထမပွဲစဉ်ကို ယမန်နေ့ ညနေ ၄ နာရီက သုဝဏ္ဏကွင်း၌ ကျင်းပခဲ့ရာ အူဆန်တက္ကသိုလ်အသင်းက သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
| အူလ်ဆန်တက္ကသိုလ်အသင်း |
သုံးဂိုး |
ကင်ဂျောင်ကွတ်၊ တွမ်ဂျောင်ဆိုးလ်နှင့် ချာတေးယောင်- တစ်ဂိုးစီ) |
| ပဏာမမြန်မာ့လက်ရွေးစင် |
တစ်ဂိုး |
စိုးမင်းဦး |
| ဒိုင်လူကြီး |
- |
ဦးလှတင့် |
လာမည့် ဖေဖော်ဝါရီလအတွင်း သီရိလင်္ကာနိုင်ငံ၌ ကျင်းပမည့် AFC Challenge Cup ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်း၏ ပထမဦးဆုံး ခြေစွမ်းပွဲမှာ ရလဒ်မကောင်းပဲ အရှုံးဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းမှာ အချိတ် အဆက်၊ အပေးအယူများ လွဲချော်နေသလို ကစားပုံမှာလည်း မကောင်းခဲ့၍ ဂိုးပြတ် ရှုံးနိမ့်သွားရခြင်းဖြစ်သည်။
အူလ်ဆန်တက္ကသိုလ်အသင်းမှာ ကစားပုံကောင်းခဲ့သလို တိုက်စစ်တွဲလုံးများ ထိရောက်၍ ဒုတိယပိုင်းတွင် သွင်းယူသော ဂိုးများဖြင့် အနိုင်ရသွားခြင်းဖြစ်သည်။ ပွဲအစ ခြောက်မိနစ်မှာပင် အူလ်ဆန်တက္ကသိုလ် အသင်းက ဦးဆောင်ဂိုးစရခဲ့ပြီး ပင်နယ်တီမှ တစ်ဆင့် ကင်ဂျောင်ကွတ်က သွင်းယူသွားခဲ့သည်။
ဂိုးပေးလိုက်ရ၍ မြန်မာအသင်း ချေပဂိုးရရန် ကြိုးစားသော်လည်း တိုက်စစ်တွင် အချိတ်အဆက် မမိခြင်း၊ အူလ်ဆန်တက္ကသိုလ်အသင်း ခံစစ်ကစားပုံ ကောင်းခြင်းကြောင့် ထင်သလို မကစားနိုင်ခဲ့ပေ။ သို့သော် ၄၂ မိနစ်တွင် ချေပဂိုးပြန်ရခဲ့ပြီး မျိုးမင်းထွန်း၏ ဖြတ်တင်ဘောမှ တစ်ဆင့် စိုးမင်းဦးက ခေါင်းတိုက် သွင်းယူသွားခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းမှာ အောင်ကျော်မိုး၊ ကျော်သီဟ၊ ပြည့်ဖြိုးဦး စသည့် ကစားသမားများကို ထည့်ကာ ကစားအား တင်သော်လည်း အူလ်ဆန်ဂိုးပေါက်ကို ခြိမ်းခြောက် နိုင်ခြင်း မရှိပေ။ အူလ်ဆန်အသင်းမှာ ခံစစ်ကိုအသားပေး ကစားပြီး ကောင်တာဖြစ် အဓိက ကစားသွားကာ အနိုင်ဂိုးများကို ၅၅ မိနစ်တွင် ချာတေးယောင်၊ ၆၇ မိနစ်တွင် တွမ်ဂျောင်ဆိုးလ်တို့က ထပ်မံ သွင်းယူခဲ့ခြင်းဖြစ်သည်။ AFC Challenge Cup ပြိုင်ပွဲဝင်မည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းတွင် ဂိုး သီဟစည်သူ၊ နောက်တန်း ရန်အောင်ဝင်း၊ ဇော်လင်းထွန်း-၂၊ မိုးဝင်း (ကျော်ခိုင်ဝင်း)၊ ရွှေလှိုင်ဝင်း၊ အလယ်တန်း - ရန်အောင်ကျော်၊(ပြည့်ဖြိုးဦး)၊ ခင်မောင်လွင် (အောင်ကျော်မိုး)၊ မျိုးမင်းထွန်း၊ ထွန်းထွန်းဝင်း၊ ရှေ့တန်း- ကျော်ကိုကို (ပိုင်စိုး)နှင့် စိုးမင်းဦး (ကျော်သီဟ) တို့ ပါဝင်ကစားခဲ့ကြသည်။
ခြေစမ်းပွဲ ဒုတိယပွဲစဉ်ကို ဇန်န၀ါရီ ၂၈ ရက်နေ့ ညနေ ၄ နာရီတွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။